၀န်ထမ်းအင်အား ၂၀၀ နီးပါး တိုးမြှင့်ထားတာပါ။

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အရေးပေါ်လူနာတွေကို ကုသမှုတွေ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝန်ထမ်းအင်အား ပုံမှန်ထက် နှစ်ဆတိုးမြှင့် တာဝန်ချထားပေးမယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂမြင့်က ပြောပါတယ်။

“သင်္ကြန်ကာလက တခြားအချိန်တွေထက် အရေးပေါ်လူနာတွေက ပိုပြီးတော့ လာနိုင်တော့ ကျွန်မတို့က ဝန်ထမ်းအင်အားကို ပိုပြီးတော့ တိုးမြှင့်ချထားပါတယ်။ ပုံမှန်ဆို ဝန်ထမ်းအင်အား ၈၀၊ ၁၀၀ ကြားရှိတယ်။ သင်္ကြန်ကာလဆိုရင်တော့ ဝန်ထမ်းအင်အား ၁၅၀ ကနေ ၂၀၀ ကြား တိုးမြှင့်ထားပါတယ်” လို့ ဒေါက်တာခင်သိင်္ဂမြင့်က ဆိုပါတယ်။



ဒါ့အပြင် သင်္ကြန်ကာလအတွင်း ဆေးဝါးပစ္စည်းကိရိယာတွေ ပြတ်လပ်မှုမရှိအောင် လူနာ ၃၀၀ ကြားကနေ ၅၀၀ အထိ ကုသမှုတွေ ပေးနိုင်အောင် ဆေးဝါးပစ္စည်းတွေကို မတ်လအလယ်လောက်ကတည်းက စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်စဉ် သင်္ကြန်ကာလအတွင်း ဆေးရုံကို အရေးပေါ်ကုသမှု လာရောက်တဲ့လူနာတွေမှာ အများဆုံးကတော့ ယာဉ်မတော်တဆမှု၊၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လူနာ ၈၃၀ ကျော်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၈၉၀ ကျော်ရှိခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၀ရက် နေ့တုန်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် အခြေအနေတွေအတွက် ကြိုတင်ဇာတိုက်လေ့ကျင့်ခြင်း (Diaster Drill) ကို ပြုလုပ်ခဲ့ပြီး ခွဲစိတ်ကုဌာန၊ အရိုးထိခိုက်ဌာန၊ ဓာတ်မှန်ဌာနနဲ့သက်ဆိုင်ရာဌာနတို့ ပါဝင်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က