ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေက အရမ်းကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတော့တဲ့ အခြေအနေထိ ဖြစ်လို့နေပါတယ်။ ဒေါ်စံပယ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့် ကို ဆိုးရွားနေတာကြောင့် အလှူရှင်များနဲ့ အနုပညာ လောက သားများရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒေါ်စံပယ်ဆီဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ မြောက်ဥက္ကလာမြို့နယ်မှာ ရှိတဲ့ ဆေးတက္ကသိုလ်(၂)အတွင်းရှိ တော်ဝင်ဆောင်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ခံစားနေရတဲ့ ဒေါ်စံပယ်ဟာ လက်ရှိမှာ ကျောက်ကပ်ပါ ဖြစ်နေတဲ့အတွက် ခြေတွေလက်တွေ ဖောရောင်နေသလို ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေါ်စံပယ်ရဲ့ သားဖြစ်သူကဆိုပါတယ်။
"အခုလက်ရှိ ခြေထောက်တွေ လက်တွေ ဖောရောင်နေတယ်။ နှလုံးကလည်း မကောင်းဘူး ကျောက်ကပ်ကလည်း မကောင်းဘူး။ အမေ့မှာက သားတစ်ယောက်ပဲ ရှိတော့ ဆေးရုံစောင့်ဖို့တွေလည်း အခက်အခဲရှိတယ်။ ရုံးဆင်လိုက်အမေ့ဆီပြေးလာလိုက်လုပ်နေရတယ်။ အခုလက်ရှိ ကျွန်တော်တို့ကို ကူညီထားတာက "စာနာစိတ်ပရဟိတအသင်းအဖွဲ့က ကူညီပေးနေတာ။ သူတို့က နေ့ရောညရောအမေ့ကို စောင့်ပေးမယ်။ လက်ရှိမှ အမေ့ကို ကူညီထောက်ပံ့မယ့်သူကလည်း မရှိသေးဘူးဖြစ်နေတာ"လို့ Duwun Media သို့ သားဖြစ်သူက ပြောပြခဲ့ပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်ဒေါ်စံပယ်ဆီသို့ အန်တီဝါဝါအောင်၊ ဂွမ်းပုံကြီးတို့အပြင် သရုပ်ဆောင် စည်ဖြိုးလည်း သွားရောက် ကူညီခဲ့တယ် လို့ ဆိုပါတယ်။ လက်ရှိမှာ ခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ဒေါ်စံပယ်က ယခုလို ပြောပြခဲ့ပါသေးတယ်။
"လက်ရှိကျန်းမာရေးက မောတယ်။ နှလုံးက အရမ်းမောတယ်။ အခုမှ သွေးတွေလုံးဝမရှိတော့ဘူး။ သွေးကြောတွေ အကုန်ပိတ်ကုန်တယ်။ မအိပ်ရဘူး အော်နေရတယ်။ လှဲအိပ်လို့မရဘူး။ ပိုက်ဆံလည်း မရှိဘူး။ အိမ်မှာဆို သေလောက်မယ်။ သက်သာတယ်လောက်ပဲ ရှိတာ။ သွေးတွေလည်း သွင်းနေရတာ။ " လို့ ဒေါ်စံပယ်က ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ဒေါ်စံပယ်အနေနဲ့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ လုပ်ချင်နေသေးတယ်လို့ သားဖြစ်သူက ပြောပြခဲ့ပါသေးတယ်။
"အမေ့ကို ချစ်တဲ့ ပရိသတ်တွေအားလုံး အမေ့အတွက် ဝိုင်းပြီး ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်။အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ရုပ်ရှင်ပြန် ရိုက်ချင်သေးတယ်။ ပရိသတ်တွေအားလုံးကို ချစ်တဲ့စိတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်။ ရုပ်ရှင်လောကထဲ ပြန်ဝင်ချင်သေးတယ်။ အမေ့ကို အမြန်ဆုံး ကျန်းမာအောင် ဆုတောင်းပေးပါလို့ သားတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"ဆိုပြီး သားဖြစ်သူက ဆက်လက်ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့်ကို ဆိုးရွားနေတာကြောင့် အလှူရှင်များနဲ့ အနုပညာ လောက သားများရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။