ဒီနေ့ အမှုအခြေအနေကို မခင်မြတ်နိုးက ပြောပြလာပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်နဲ့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးတို့ရဲ့ ဒီနေ့(မတ်လ ၂၆ ရက်) ရုံးချိန်းအခြေအနေကို မခင်မြတ်နိုးက အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှု နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မတ်လ (၂၆) ရက်နေ့မှာ ရုံးချိန်း ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းကိုတော့ မိုးအောင်ရင် တက်ရောက်မလာခဲ့တဲ့အကြောင်း မခင်မြတ်နိုးက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဒီနေ့ ရုံးချိန်းမှာတော့ အမှုမစစ်ဖြစ်ဘူး။ တစ်ဖက်လူက နေမကောင်းဖြစ်လို့ ဆိုပြီးတော့ ခွင့်လှမ်းတိုင်ထားတယ်လို့ သိရတယ်။ ဒီနေ့ကတော့ ညီမကို ပြန်စစ်တာပေါ့နော်။ ညီမကို စစ်တာလည်း ပြီးသွားပြီဆိုတော့လေ။ နစ်နာဆုံးရှုံးမှုတွေကတော့ မတတ်နိုင်ဘူးပေါ့။ မလာတာလည်း သူ့အကြောင်းနဲ့ သူရှိမှာပေါ့လေ ညီမကတော့ ဒီအမှုကို မြန်မြန်ပြီးစေချင်ပါပြီ။” လို့ သူကဆိုပါတယ်။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ရုံးချိန်းကိုတော့ ၁ လအကြာမှ ပြုလုပ်ဖြစ်တော့မယ့် အကြောင်း မခင်မြတ်နိုးက ဆင်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ရုံးချိန်းက တစ်လလောက်ခြားသွားတယ်ဆိုပေမယ့် နောက်ထပ် ရုံးချိန်းတွေအတွက် ကြိုတင်ပြင်စရာတွေ မရှိပါဘူး။ နောက်ထပ် ရုံးချိန်းကလည်း နိုင်ငံတော်က ၁ လ နားခိုင်းထားတာ ဖြစ်တဲ့အတွက် နောက်လ ဧပြီ ၂၇ ရက်နေ့မှ လုပ်ဖြစ်မယ်။အချိန်ကာလခြားသွားလည်း အမှုအခြေအနေက အေးသွားမှာ မဟုတ်ပါဘူး” ဆိုပြီးတော့ မတ်လ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က