ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ခုချိန်မှာ နေထိုင်ရေးတွေအတွက် အခက်အခဲတေွ ကြုံနေကြရတာကြောင့် နိုင်ငံရဲ့ ကျန်းမာရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အစားအသောက်၊ အနေအထိုင်၊ အသွားအလာအတွက် နိုင်ငံတော်က တာဝန်ယူစီစဥ◌်ပေးမယ်လို့ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ COVID-19 ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မွန်ပြည်နယ် က ပြည်သူတွေနဲ့ အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ◌်ကနေ နေထိုင်ရေး အခက်ကြုံနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တာဝန်ယူပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသွားပါတယ်။
လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မိသားစုရှိသူကလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေ ရောဂါကူးစက်မှုခံရမှာ စိုးရိမ်ကြတဲ့အတွက် အိမ်မပြန်ရဲကြသလို အိမ်ထောင်မရှိသူ လူလွတ်ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ငှားနေတဲ့ အဆောင်တွေ ၊ နေထိုင်ရာ ရပ်ကွက်တွေက လက်သင့်မခံတော့တာကြောင့် အိမ်ပြန်ဖို့ အခက်ကြုံနေကြတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်ရေးကို စီစဥ်ပေးစေလိုကြောင်း မွန်ပြည်နယ် COVID-19 ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဥ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံရဲ့ တောင်းဆိုမှုကို ခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
"ဒါကတော့ စနစ်တကျ လုပ်ရလိမ့်မယ်၊ ဖြစ်သလို လုပ်လို့ မဖြစ်ဘူး။ အထူးသဖြင့် ခုလိုချိန်မှာ ရှေ့တန်းမှာ ရောက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အစားအသောက် ၊ အသွားအလာ ၊ အနေအထိုင်ကိုတော့ နိုင်ငံတော်က တာဝန်ယူရမှာပေါ့။ ဒီကိစ္စကိုတော့ ကြည့်ပြီးတော့ အမြန်ဆုံး တာဝန်ယူ စီစဥ်ပေးပါမယ်။" လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကနေ ပြောသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၇၄ ဦး ရှိနေပြီဖြစ်ပြီး ရန်ကုန်က ၅၉ ဦး ၊ ပဲခူး (ပေါက်ခေါင်း) က ၄ ဦး ၊ ချင်းပြည်နယ် က ၃ ဦး၊ ရှမ်းပြည်နယ်က ၃ ဦး ၊ နေပြည်တော်က ၁ ဦး ၊ မန္တလေး က ၁ ဦး ၊ မကွေးက ၁ ဦး ၊ ကလေးမြို့က ၁ ဦး နဲ့ မွန်ပြည်နယ် (ကျိုက်မရော) က ၁ ဦး တို့ ဖြစ်ကြပါတယ်။