ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုငွေ ငါးသောင်းစီပေးအပ်နေတယ်လို့ သိရပါတယ်။
အခု ဇွန်လပထမအပတ်ကစတင်ပေးအပ်နေတာဖြစ်ပြီး ဆရာဝန်တွေကနေ သန့်ရှင်းရေးဝန်ထမ်းတွေအထိ ပေးအပ်နေတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။ ကိုဗစ်ကာလမှာ ကုသကာကွယ်ရေးလုပ်ငန်းတွေအတွက် ရှေ့တန်းကနေ စွမ်းစွမ်းတံမံဆောင်ရွက်ပေးတဲ့အတွက် ဂုဏ်ပြုဆုငွေ ပေးအပ်တာဖြစ်ပြီး အချို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပြန်ပြီးလှူဒါန်းကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကို ဇွန်လ ပထမအပတ်ကတည်းက ပေးအပ်နေတာပါ။ ကျွန်တော်လည်း ရပြီးပါပြီ။အခုလို ဂုဏ်ပြု ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။တချို့ဆိုရင်တော့ ပြန်လှူတာတွေလည်း တွေ့ရပါတယ်။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ကျန်းမာရေးအသိပညာမြှင့်တင်ရေဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက Duwunကိုပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆးကောင်စီကလည်း ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့်လိုင်စင်ကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပေးလိုက်တယ်လို့သိရပါသေးတယ်။