သရုပ်ဆောင်မြင့်မြတ်နဲ့ ယုန်လေးတို့ကတော့ COVID-19 ကာကွယ်ရေး ကျန်းမာရေးဝန်ထမ်းတွေအတွက်လိုအပ်တာတွေ လှူဒါန်းဖို့ မိတ်ဆွေအလှူရှင်တွေနဲ့ ပူးပေါင်းပြီး ငွေကျပ် သိန်း(၇၀) မတည်ထားတဲ့အကြောင်းပြောပြလာပါတယ်။
Photo: Yone Lay
သရုပ်ဆောင် ယုန်လေးနဲ့ မြင့်မြတ်တို့ သူငယ်ချင်း နှစ်ယောက်ကတော့ COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းအဖြစ်ဆောင်ရွက်နေကြသူတွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
"ကျွန်တော်တို့အားလုံးအတွက် ရှေ့ထွက်တိုက်ပေးနေတဲ့ဆေးရုံဝန်ထမ်း တွေနဲ့ ဆရာဝန် ဆရာမ များ၊ သူနာပြုများ၊ Volunteer များအတွက် တကယ်လိုအပ်နေတာပါ။ ကျွန်တော်တို့ ချစ်သောညီအစ်ကို မောင်နှမများလည်း ပါဝင်ကူညီဖို့ အများကြီးအပ်ပါတယ်။ PPE ၊ N95 Mask ၊ ဆေးရုံသုံး လက်အိတ် ဖိနပ်လိုအပ်တာတွေဝယ်ဖို့ပါ ။ သူများနိုင်ငံက ဆရာဝန် ဆရာမတွေ က ပစ္စည်းအပြည့်စုံနဲ့တိုက်ရတာပါ။ ကျွန်တော်တို့ရဲ့ ဆရာဝန် ဆရာမတွေက မပြည့်မစုံနဲ့ ကျွန်တော်တို့ အားလုံး အတွက် ထိုက်တိုက် ယှဉ်ဆိုင်ပေးနေရတာပါ။ ကူညီကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ လှူဖို့ အဆင်မပြေရင်တောင် Share ပေးချင်းဖြစ် ကူညီပါခင်ဗျာ" ဆိုပြီးတော့ မတ်လ ၂၉ ရက်နေ့ ညနေ ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
Photo: Yone Lay
လက်ရှိမှာတော့ မြင့်မြတ်၊ ယုန်လေးတို့နဲ့ အတူ နောက်ထပ် အလှူရှင်တွေ ပူးပေါင်းပြီး ငွေကျပ် သိန်း ၇၀ မတည် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒီအလှူမှာတော့ သရုပ်ဆောင်မြင့်မြတ်က ငွေကျပ် ၁၀ သိန်း၊ ယုန်လေးက ငွေကျပ် ၅ သိန်း လှူဒါန်းထားတာ တွေ့ရပါတယ်။ နောက်ထပ် အလှူရှင်တွေကလည်း ငွေကျပ် ၁၀ သိန်း၊ ၅ သိန်း တို့ကို လှူဒါန်းခဲ့ကြပါသေးတယ်။ ထပ်မံလှူဒါန်းချင်ကြတဲ့ အလှူရှင်တွေ အနေနဲ့ 32850105700875701 (KBZ Bank) ကို ငွေလွှဲပြီး လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
Photo: Yone Lay
လက်ရှိမှာတော့ COVID-19 ကူးစက်ခံရသူ (၈) ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နေရာအနှံ့ ပိုးသတ်ဆေးတွေ လိုက်လံ ဖြန်းပက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။
Photo: Yone Lay
မြင့်မြတ်နဲ့ ယုန်လေးတို့ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တွေပါ။ အနုပညာလောကသားတွေထဲမှာ တကယ်လိုအပ်နေတဲ့သူတွေကိုလည်း အမြဲတမ်း လှူဒါန်းလေ့ ရှိတာတွေ့ ရပါတယ်။ ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။