COVID-19‌‌ကြောင့် သင်္ကြန်ကို ‌ရေကစားခွင့် ပိတ်ထားတာပါ။

သင်္ကြန်မှာ အိမ်အပြင်ထွက် ရေပက်ကစားပြီး သောက်စားမူးယစ်မှုတွေပြုလုပ်မယ်ဆိုရင် တည်ဆဲဥပဒေအရ တရားစွဲဆိုအရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မဟာသင်္ကြန်အကျနေ့ မြို့တော်ခန်းမရှေ့မြင်ကွင်း

ယခုနှစ် သင်္ကြန်ကာလမှာ မြန်မာပြည်သူတွေအတွက် အစမ်းသပ်ခံရမယ့်ကာလဖြစ်ပြီး ပျော်ချင်စိတ်ကို ချုပ်တည်းနိုင်ခဲ့ရင် လာမယ့်နှစ်မှာ အတိုးချပျော်ခွင့်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၃ရက် နံနက်က လူမှုကွန်ရက်မှာလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာပြောခဲ့ပါတယ်။



သင်္ကြန်ကာလအတွင်းမှာ အရက်သေစာသောက်စားခြင်း၊မူးယစ်ရမ်းကားခြင်းနဲ့ ရေကစားခြင်းတို့ကို ပိတ်ပင် တားမြစ်ထားပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်တွေမှာ မေတ္တာရပ်ခံချက် ထုတ်ပြန်အသိပေး နှိုးဆော် လျက်ရှိပါတယ်။

ဧပြီ ၁၃ရက် သင်္ကြန်အကျနေ့အထိ ရေကစားကြခြင်းမရှိသလို သင်္ကြန်ကာလအတွင်း အရက်သေစာ သောက်စားပျော်ပါးသူများ လည်း မရှိဘဲ မေတ္တာရပ်ခံချက်ကို လိုက်နာနေကြတယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးက Duwun ကို ပြော ပါတယ်။

ဓာတ်ပုံ- မဟာသင်္ကြန်အကျနေ့ ဆူးလေဘုရားကို မြို့ထဲဖက်မှ မြင်ကွင်း

“အရက်သောက်ခြင်းက သင်္ကြန်မှ မဟုတ်ပါဘူး၊သာမန်အချိန်ဆိုရင်လည်း အများပြည်သူ သွားလာရာ လူမြင်ကွင်း တွေမှာ သောက်ခွင့်မရှိပါဘူး။သောက်ရင်တော့ ရဲဥပဒေအရ အရေးယူလို့ရပါတယ်။သင်္ကြန်ကာလမှာ ရေမကစား ဖို့ကတော့ ကျွန်တော်တို့ မေတ္တာရပ်ခံချက်တွေ ထုတ်ထားတဲ့အတိုင်း ပြည်သူတွေကလည်း လိုက်နာတာ တွေ့ရပါတယ်။မေတ္တာရပ်ခံချက်ကို မလိုက်နာဘူးဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူရပါမယ်။”လို့ ကမာရွတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထိန်းချုပ်နိုင်ဖို့အတွက် ဧပြီ ၁၀ရက်ကနေ ၁၉ရက်အထိ နေအိမ်တွင်သာနေထိုင်ရန် အစိုးရက မေတ္တာရပ်ခံထားပြီး ရေကစားခြင်း၊အများပြည်သူ သွားလာရာနေရာတွေမှာ အရက်သောက်စားခြင်းတို့ကို တားမြစ်ထားပါတယ်။ “အပြစ်ပေးအရေးယူဖို့တော့ လမ်းညွှန်ထားတာမရှိပါဘူး၊ဒီကိစ္စတွေက လုံခြုံရေးယာဉ်တန်းကလည်း ကင်းလှည့် နေတာရှိပါတယ်။ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်ရင်တော့ အရေးယူခံရမှာပါ။ကျွန်တော့်ရပ်ကွက်မှာတော့ ရေကစားတာ မရှိသလို အားလုံး ကိုယ့်အိမ်ထဲကိုယ်နေကြပြီး အေးအေးဆေးဆေး ရှိနေပါတယ်။”လို့ သရက်တော( တောင်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က Duwunကိုပြောပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထိန်းချုပ်မှုအတွက် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံချက်တွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(ဃ)နဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်(၁)နှစ်နဲ့ ငွေဒဏ်ကျခံရနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က