ယခုနှစ်သင်္ကြန်ပိတ်ရက်မှာ ခရီးသွားကြမယ့်သူတွေအနေနဲ့ ပုံမှန် ခရီးသွားနေကြဒေသတွေထက် ဒေသအသစ်တွေကိုသွားဖို့ စီစဉ်မှုတွေ ပိုများနေတယ်လို့ ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီတွေထံကနေ သိရပါတယ်။
ပြင်ဦးလွင်၊ လားရှိုး၊ သီပေါ၊ တာချီလိတ် ၊ လွိုင်ကော် ၊ ပူတာအို အစရှိတဲ့ နေရာတွေအပြင် မြန်မာနိုင်ငံအောက်ပိုင်းမှ မြိတ်ကျွန်းစုကဲ့သို့ နေရာတွေကို ခရီးသွားမယ့်သူတွေ ပိုမိုများပြားနေတယ်လို့ Trip One Travels and Tours ကုမ္ပဏီမှ MD ကိုဖုန်းပိုင်လင်းက Duwun ကိုပြောပါတယ်။
“ကျွန်တော်တို့ ဒီနှစ်သင်္ကြန်မှာတော့ ပြင်ဦးလွင်၊ သီပေါ၊ လားရှိုးဘက်က တော်တော်လေးခေတ်စားတယ်လို့ ပြောလို့ရမယ်။ ပြီးတော့ မြဝတီ၊ မဲဆောက်ကတော့ အရင်အတိုင်း ရောင်းအားတက်နေတုန်းပဲ။ လူတွေတော်တော်များများက အသစ်နေရာတွေကို သွားချင်ကြတယ်။ ဒီနှစ်ဆို တောင်ကြီး၊ အင်းလေး၊ ပင်းတယဘက်ဆို ရောင်းအားကျတယ်။ လူတွေ အဲ့ဒီနေရာတွေကို ရောက်ဖူးနေကြတော့ အသစ်အဆန်းနေရာတွေကို ပဲ သွားဖို့ စိတ်ဝင်စားလာကြတယ်” လို့ ဖုန်းပိုင်လင်းကဆိုပါတယ်။
ယခုနောက်ပိုင်းမှာ ခရီးသွားကုမ္ပဏီတွေ အနေနဲ့လည်း ပုံမှန်ခရီးသွားနေရာတွေထက် နေရာဒေသအသစ်တွေကို သွားကြမယ့်သူတွေကို ပိုပြီး ဝန်ဆောင်မှု ပေးနေရတယ်လို့ သိရပါတယ်။
“ ဒီနှစ်သင်္ကြန်ကတော့ ပူတာအို၊ လွိုင်ကော်ဘက်တို့ကို ပိုပြီး သွားလာကြပါတယ်။ အရင်တုန်းကဆို သွားလို့လွယ်တဲ့နေရာတွေကိုပဲသွားကြတယ်။ အခုနောက်ပိုင်းကတော့ ခရီးသွားတွေက ပိုပြီးဝေးတဲ့နေရာတွေကို သွားလာကြတယ်” လို့ Myanmar Golden Horizon ခရီးသွားကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
ေချာင်းသာကမ်းခြေ တစ်နေရာကို တွေ့ရစဉ်
၂၀၁၇ ခုနှစ်လောက်က စပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးလာတာနဲ့ အမျှ ခရီးသွားတွေဟာ ဒေသအသစ် ခရီးစဉ်တွေကို စိတ်ဝင်စားမှု ပိုပြီးများလာတယ်လို့ ခရီးသွားကုမ္ပဏီတွေထံကနေ သိရပါတယ်။
“ အခုနောက်ပိုင်းဆို ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးလာတယ်။အရင်တုန်းကဆို ဘုရားဖူးရက်ရှည်ဆို လူကြီးတွေပဲသွားကြတာပေါ့နော်။ အခုဆို လူငယ်တွေကလည်း ပုဂံကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာနေကြပါပြီ” လို့ ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုက Duwun ကိုပြောပါတယ်။
လူငယ်အများစုကတော့ စွန့်စားရတဲ့ ခရီးစဉ်တွေ၊ ခြေကျင်ခရီး၊ တောင်တက်ခရီးစဉ်တွေနဲ့ လူသိနည်းတဲ့နေရာတွေကို သွားရောက်ဖို့ အများဆုံး စိတ်ဝင်စားလာကြပြီး ဆိုရှယ်မီဒီယာမှာ ခေတ်စားလာတဲ့ ဒေသအသစ်တွေကြောင့် လို့ Travel Blggoer ကိုကျော်စိုးလွင်က Duwun ကိုပြောပါတယ်။
“ အရင်တုန်းကထက်စာရင် အခုက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိလာတယ်။ ဘယ်ပြည်နယ်၊ ဘယ်တိုင်းမှာ ဘယ်လိုနေရာအသစ်လေးတွေရှိနေတယ်ဆိုတာကို အချိန်နဲ့ တစ်ပြေးညီ ဆိုရှယ်မီဒီယာကတွေ တစ်ဆင့် မြင်တွေ့နိုင်တယ်။ အဲဒီနေရာတွေကို ဖော်ထုတ်ပေးမယ့် Local Guide တွေ၊ Travel Blogger တွေလည်း ပေါ်လာတော့ ပိုပြီးလူသိများလာတာပေါ့နော်။ ရိုးရိုးအပန်းဖြေခရီးထက်စာရင် Trekking တို့ Hiking တို့ကို ပိုပြီး စိတ်ဝင်စားလာကြတယ်” လို့ ကိုကျော်စိုးလွင်က ဆိုပါတယ်။
Share