COVID-19 ကာကွယ်ဆေးတွေက ဆေးဝါးကုမ္ပဏီတွေရဲ့ ဘဏ္ဍာတိုက်ကို ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေ တိုးပွားလာစေခဲ့တာ တွေ့ရပါတယ်။ အမေရိကန်အခြေစိုက် Pfizer ဆေးဝါးကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်လုပ်ခဲ့တဲ့ ဂျာမနီမှ BioNTech က ဩဂုတ်လအတွင်း နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်အတွက် ၎င်းရဲ့ ကာကွယ်ဆေးဝင်ငွေ ခန့်မှန်းချက်ကို တိုးမြှင့်ဖော်ပြခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများ ထုတ်ပြန်ထားတဲ့ COVID-19 ကာကွယ်ဆေးကုမ္ပဏီအချို့ရဲ့ ဝင်ငွေအခြေအနေကို အောက်ပါအတိုင်း သိရှိရပါတယ်။
Pfizer နဲ့ BioNTech
အမေရိကန်ကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့က ပြိုင်ဘက်တွေထက် ခြေလှမ်းသာခဲ့ပြီး ၎င်းတို့ရဲ့ ကာကွယ်ဆေးဟာ အနောက်ကမ္ဘာဘက်ခြမ်းမှာ ယမန်နှစ်အတွင်း စမ်းသပ်မှုရလဒ်ကောင်းတွေ ကြေညာနိုင်ခဲ့တဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်ခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးဟာ အမေရိကန်နဲ့ ဥရောပ တရားဝင် ရောင်းချရန် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်းတွေထံမှ ပထမဆုံး ခွင့်ပြုချက်ရခဲ့တဲ့ ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။
(Photo: AFP)
Pfizer ကုမ္ပဏီဟာ ၎င်းရဲ့ ပြိုင်ဘက်တွေထက် ဝင်ငွေပိုမိုရရှိခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ Pfizer က ၂၀၂၁ ခုနှစ်အတွက် ဝင်ငွေခန့်မှန်းချက်ကို တိုးမြှင့်ခဲ့ပြီး ယခုနှစ်တစ်နှစ်လုံးမှာ အမေရိကန်ဒေါ်လာ ၃၃.၅ ဘီလီယံအထိ ဝင်ငွေရရှိမယ်လို့ မျှော်မှန်းထားပါတယ်။
ထို့အတူ ဂျာမနီအခြေစိုက် BioNTech ကလည်း ယခုနှစ် ပထမနှစ်ဝက်မှာ ယူရိုငွေ ၇.၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ BioNTech ဟာ COVID-19 ကာကွယ်ဆေးရောင်းချမှု တစ်ခုတည်းကနေ ထိုဝင်ငွေပမာဏကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် တစ်နှစ်လုံးမှာ ကာကွယ်ဆေးရောင်းချရမှုကနေ ယူရိုငွေ ၁၅.၉ ဘီလီယံ ရရှိလိမ့်မယ်လို့ BioNTech က ခန့်မှန်းထားပါတယ်။ အစောပိုင်းမှာ BioNTech က ယခုနှစ် ကာကွယ်ဆေးဝင်ငွေကို ယူရိုငွေ ၉.၈ ဘီလီယံအဖြစ် ခန့်မှန်းထားခဲ့ရာမှ တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
Moderna
(Photo: AP)
ဂျာမနီမှ BioNTech ကဲ့သို့ပင် အမေရိကန်ကုမ္ပဏီ Moderna ကလည်း COVID-19 ကာကွယ်ဆေး ရောင်းချရမှု တစ်ခုတည်းကနေ ယခုနှစ် ပထမ ခြောက်လပတ်အတွင်း အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ ရရှိခဲ့ပါတယ်။ Moderna က ယခုနှစ်မှာ ကာကွယ်ဆေးဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရရှိမယ်လို့ မျှော်မှန်းထားပါတယ်။
AstraZeneca နဲ့ Johnson & Johnson
ဗြိတိန်အခြေစိုက် AstraZeneca နဲ့ အမေရိကန်ကုမ္ပဏီ Johnson & Johnson တို့ဟာလည်း COVID-19 ကာကွယ်ဆေးကနေ ဝင်ငွေကောင်းနေကြပါတယ်။ AstraZeneca ရဲ့ ကာကွယ်ဆေးက ယခုနှစ် ပထမနှစ်ဝက်မှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖိုး ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။
AstraZeneca က ယခုနှစ် တစ်နှစ်လုံးအတွက် ကာကွယ်ဆေးရောင်းချရမှု ဝင်ငွေခန့်မှန်းချက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ Johnson & Johnson ကတော့ ပထမ နှစ်ဝက်အတွင်း ကာကွယ်ဆေးဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၄ သန်းရှိခဲ့ပြီး တစ်နှစ်လုံးမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။
Source: AFP