အာဆီယံနိုင်ငံတွေရဲ့ကျန်းမာရေးဝန်ကြီးဌာနတွေအကြား သဘောတူညီချက်တစ်ရပ်ချမှတ်လိုက်တာပါ။

အာဆီယံနိုင်ငံတွေအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကို အပြန်အလှန်အသိအမှတ်ပြုရန် အာဆီယံနိုင်ငံတွေရဲ့ကျန်းမာရေးဝန်ကြီးဌာနတွေအကြား သဘောတူညီချက်တစ်ရပ်ချမှတ်ခဲ့ပါတယ်။

Photo - asean.org

အဆိုပါသဘောတူညီချက်ကို ၂၀၂၂၊ မေလ ၁၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက်အာဆီယံနိုင်ငံတွေရဲ့ကျန်းမာရေးဝန်ကြီးဌာနများအစည်းအဝေးမှာ ရရှိခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေအချင်းချင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကို အပြန်အလှန်အသိအမှတ်ပြုဖို့အပြင် ခရီးသွားလာရာမှာ နိုင်ငံအတွင်းဝင်ထွက်ခွင့် ပိုမိုလွယ်ကူစေဖို့အတွက် ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကို Digital စနစ်ကိုပြောင်းလဲအသုံးပြုဖို့အတွက်လည်း သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပြီး ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကိုတော့ တစ်နိုင်ငံချင်းကိုယ်ပိုင်အစီအစဉ်နဲ့ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင် က မီဒီယာတွေကိုပြောပါတယ်။

Photo: setkab.go.id

"နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကို ကိုယ်ပိုင်အစီအစဉ်နဲ့ပဲ ဆက်လက်ဆောင်ရွက်နိုင်ပါတယ်" လို့ ဘူဒီဂူနာဒီဆာဒီကင်က ဆိုပါတယ်။ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက အာဆီယံနိုင်ငံတွေ အချင်းချင်း ခရီးသွားလာမှုအဆင်ပြေစေဖို့အတွက် ကဏ္ဍပေါင်းစုံကနေပူးပေါင်းဆောင်ရွက်ကြဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။

ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်တွေကို အာဆီယံနိုင်ငံတွေအကြားအပြန်အလှန်အသိအမှတ်ပြုခြင်းအားဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်မှုတွေရှိနေတဲ့ ခရီးသွားလုပ်ငန်းကိုပြန်လည်မြှင့်တင်နိုင်မယ်လို့ ယုံကြည်နေကြပြီး စတင်အကောင်အထည်ဖော်ရန်နဲ့လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် ညှိုနှိုင်းမှုတွေဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဆီယံကျန်းမာရေးဝန်ကြီးဌာနများအစည်းအဝေးမှာထုတ်ပြန်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က