ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့ မည်သည့်နိုင်ငံမှ ခရီးသွားမဆို ဖူးခက်အပန်းဖြေကျွန်းကို လာရောက်လည်ပတ်နိုင်ပြီလို့ ဆိုပါတယ်

COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့ မည်သည့်နိုင်ငံမှ ခရီးသွားမဆို ဖူးခက်အပန်းဖြေကျွန်းကို လာရောက်လည်ပတ်နိုင်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ထိုင်းခရီးသွားလုပ်ငန်းဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်မှာ ခရီးသွား သန်း ၄၀ လာရောက်ခဲ့ကြရာမှ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ထိုးကျသွားခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ မဖြစ်ပွားမီက ထိုင်းနိုင်ငံရဲ့ဝင်ငွေ ငါးပုံတစ်ပုံဟာ ခရီးသွားလုပ်ငန်းကနေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက်မှုတွေကြောင့် ခရီးသွားတွေ မရှိတော့ရာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေ အဆိုးဆုံး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။



ထိုင်းနိုင်ငံက ဇူလိုင်လအတွင်း "sandbox" လို့ အမည်ပေးထားတဲ့ အစီအစဥ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ကပ်ရောဂါကူးစက်မှုအန္တရာယ် လျော့နည်းကြောင်းနဲ့ အလယ်အလတ်ဖြစ်ကြောင်း သတ်မှတ်ထားတဲ့ နိုင်ငံများမှ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား ခရီးသွားတွေကို ဖူးခက်ကျွန်းသို့ လာရောက်လည်ပတ်ရန် ခွင့်ပြုခဲ့ပြီး သီတင်းနှစ်ပတ်ကြာ နေထိုင်ရန်လိုအပ်ကြောင်း သတ်မှတ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖူးခက်ကို ကွာရန်တင်းဝင်စရာမလိုဘဲ လာရောက်ခွင့်ပြုခဲ့ပါတယ်။

(Photo: CNA)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထိုင်းအာဏာပိုင်တွေက နိုင်ငံရဲ့ ကွာရန်တင်းစည်းမျဥ်းတွေကို ပြောင်းလဲခဲ့မှုနဲ့အတူ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ နေထိုင်ရန်လိုအပ်တဲ့ ကာလကို သီတင်းတစ်ပတ်အဖြစ် လျှော့ချသတ်မှတ်ခဲ့ပါတယ်။ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က "sandbox" အစီအစဥ်အရ နိုင်ငံပေါင်း ၈၀ မှ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ရန် အကျုံးဝင်ခဲ့ပြီးဖြစ်တယ်လို့ အောက်တိုဘာ ၁ ရက်နေ့ နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝန်း မည်သည့်နိုင်ငံမှ ခရီးသွားတွေဖြစ်စေ "sandbox" အစီအစဥ်နဲ့ အကျုံးဝင်ပြီး ထိုင်းနိုင်ငံက ကြိုဆိုနေပြီလို့ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကာကွယ်ဆေးမထိုးထားရသေးတဲ့ ကလေးငယ်တွေဟာလည်း ကာကွယ်ဆေးထိုးပြီးသား ၎င်းတို့ရဲ့မိဘတွေနဲ့အတူ ထိုင်းကိုလာရောက်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tanee Sangrat က ဆိုပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံရဲ့ "sandbox" အစီအစဥ်အရ ခရီးသွား ၃၈,၀၀၀ ကျော်ကို ဖူးခက်သို့ လာရောက်လည်ပတ်ခဲ့ပြီးဖြစ်ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆.၆၇ သန်း ရရှိခဲ့ပါတယ်။ သို့သော် ခရီးသွားလုပ်ငန်းတွေကတော့ ဖူးခက်ရဲ့ စီးပွားရေး နာလန်ပြန်ထူလာမှုအပေါ် အားတက်သရော သိပ်မရှိလှဘဲ ကျွန်းပေါ်ရှိ ဟိုတယ် ၉၀ ရာခိုင်နှုန်းဟာ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းတွေက အစိုးရအနေနဲ့ ခရီးသွားအရေအတွက် မြင့်တက်လာစေရန် နိုင်ငံတွင်း ဝင်ရောက်ခွင့်အတွက် လိုအပ်ချက်တွေကို ရှင်းလင်းလွယ်ကူစေရန် ဆောင်ရွက်ပေးရေး တောင်းဆိုထားကြပါတယ်။ ခရီးသွားလုပ်ငန်းတွေ တောင်းဆိုထားတဲ့ အပြောင်းအလဲတွေအရ ယခင်က လာရောက်ခွင့်ပြုတဲ့ နိုင်ငံစာရင်းမှာ မပါဝင်ခဲ့တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားမှ ခရီးသွားတွေကိုလည်း လာရောက်ခွင့်ရစေမှာ ဖြစ်ပါတယ်။

(Photo: AFP)

COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနက် မလေးရှားနိုင်ငံမှ ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မလေးရှားမှ ခရီးသွား ၄ သန်းကျော် ထိုင်းကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေက ဖူးခက်အပြင် ဘန်ကောက်မြို့တော် အပါအဝင် နောက်ထပ် ခရီးသွားနေရာငါးခုကိုလည်း "sandbox" အစီအစဥ်ဖြင့် နိုဝင်ဘာလဆန်းမှာ ပြန်ဖွင့်သွားရန် မျှော်လင့်ထားပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့ ရာခိုင်နှုန်း မြင့်တက်လာမယ့် ဒီဇင်ဘာလအတွင်းမှာတော့ နောက်ထပ် ခရီးသွားနေရာ ၂၀ ကို ပြန်ဖွင့်သွားရန် ထိုင်းအစိုးရက ရည်မှန်းထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂ ရက်နေ့အထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁.၆၂ သန်းကျော်နဲ့ သေဆုံးသူ ၁၆,၉၀၀ ကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က