ဖိလစ်ပိုင်က ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရန် နယ်စပ်တွေကို လ ၂၀ ကြာ ပိတ်ထားခဲ့ပါတယ်

ဖိလစ်ပိုင်နိုင်ငံသို့ မကြာမီကာလအတွင်း COVID-19 ကာကွယ်ဆေးထိုးပြီးသား ပြည်ပခရီးသွားတွေ ပြန်ဝင်ခွင့်ပြုသွားတော့မယ်လို့ အစိုးရက ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်က ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရန် နယ်စပ်တွေကို လ ၂၀ ကြာ ပိတ်ထားခဲ့ပြီးနောက် ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအတွက် တစိတ်တပိုင်း ပြန်ဖွင့်ပေးရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ကမ်းခြေများနဲ့ ရေငုပ်နိုင်တဲ့ နေရာတွေကြောင့် ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိကြပါတယ်။



(မနီလာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်) (Photo: AP)

သို့သော် ကပ်ရောဂါကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု ထိုးကျသွားခဲ့ပြီး ပြည်တွင်းခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားခဲ့ရပါတယ်။ ယခုအခါ ကူးစက်မှုအန္တရာယ်နည်းတဲ့ နိုင်ငံများမှ ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေကို ပြန်ဝင်ခွင့်ပြုရန် တင်ပြခဲ့ရာ အစိုးရရဲ့ COVID-19 တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့က မူအားဖြင့် သဘောတူခွင့်ပြုခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Berna Puyat က ပြောပါတယ်။

နယ်စပ်တွေ မကြာမီ ပြန်ဖွင့်တောမှာဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပြီး ရက်အတိအကျကိုတော့ မဖော်ပြထားပါဘူး။ "လူဦးရေအများစုက ကာကွယ်ဆေးထိုးထားပြီး ကူးစက်မှုနှုန်းနည်းတဲ့ နိုင်ငံတွေ သို့မဟုတ် နယ်မြေတွေက ခရီးသွားတွေကို ပြန်ဝင်ခွင့်ပြုသွားမှာပါ၊ ဒီလို ခရီးသွားတွေကို ပြန်ဝင်ခွင့်ပြုတာက ကျွန်မတို့ရဲ့ နာလန်ပြန်ထူရေးမှာ ကြီးမားစွာ အထောက်အကူဖြစ်ပါလိမ့်မယ်" လို့ ဝန်ကြီး Berna Puyat က ပြောပါတယ်။

(ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းဝန်ကြီး Berna Puyat) (Photo: DOT Media)

လက်ရှိမှာ ဖိလစ်ပိုင်က တရုတ်၊ အင်ဒိုနီးရှားနဲ့ ဇင်ဘာဘွေ အပါအဝင် နိုင်ငံနဲ့ နယ်မြေ အရေအတွက် ၄၀ ကျော်ကို ကူးစက်မှုနှုန်းနည်းပြီး ကွာရန်တင်းမလိုအပ်တဲ့ အစိမ်းရောင် "green" အဆင့် သတ်မှတ်ထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ခရီးသွားလုပ်ငန်းဟာ ဖိလစ်ပိုင်ရဲ့စီးပွားရေးအတွက် အဓိကကျပြီး ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ GDP (gross domestic product) ၁၃ ရာခိုင်နှုန်းနီးပါးဟာ ခရီးသွားလုပ်ငန်းမှဖြစ်ခဲ့ပါတယ်။

ထိုနှစ်အတွင်း ဖိလစ်ပိုင်ကို ခရီးသွား ၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း အစိုးရရဲ့ တရားဝင်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ယမန်နှစ်မှာတော့ ကပ်ရောဂါကြောင့် ခရီးသွားဝင်ရောက်မှုဟာ ၈၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး ခရီးသွား ၁.၄၈ သန်း ဝင်ရောက်ခဲ့ကြောင်းနဲ့ GDP ရဲ့ ၅.၄ ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။

(ဖိလစ်ပိုင်အလယ်ပိုင်းရှိ Boracay ကျွန်း ကမ်းခြေတစ်နေရာ) (Photo: AFP)

ဖိလစ်ပိုင်မှာ ယခုနှစ်စနောက်ပိုင်း နေ့အလိုက် ကူးစက်မှုနှုန်း အနိမ့်ဆုံးသို့ ကျဆင်းလာခဲ့သလို တစ်နိုင်ငံလုံး COVID-19 ကာကွယ်ဆေးထိုးမှုနှုန်း မြင့်တက်လာခဲ့ရာ အစိုးရက ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေကို လတ်တလော သီတင်းပတ်များအတွင်း ဖြေလျှော့ပေးခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဖိလစ်ပိုင်လူဦးရေ သန်း ၁၁၀ ရဲ့ သုံးပုံတစ်ပုံဟာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်မှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ကူးစက်ခံရသူ ၂.၈ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိခဲ့ရာ အရှေ့တောင်အာရှနိုင်ငံတွေအနက် အင်ဒိုနီးရှားပြီးလျှင် ကူးစက်မှုနဲ့ သေဆုံးသမှု အများဆုံးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က