ကာကွယ်ဆေးထိုးထားပြီး ကူးစက်ခံရသူတွေရှိပေမဲ့ အနည်းစုသာဖြစ်ပြီး ရောဂါလက္ခဏာတွေ နာတာရှည်ဖြစ်မှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါတယ်

COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားခြင်းက ကူးစက်ခံရမှုကို ကာကွယ်နိုင်တဲ့အပြင် နာတာရှည် COVID-19 ရောဂါလက္ခဏာများ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေနိုင်ကြောင်း ဗြိတိန်မှ King's College London ရဲ့ သုတေသနအရ တွေ့ရှိရပါတယ်။

ထိုသုတေသနရဲ့ အဆိုအရ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ကူးစက်ခံရသူတွေရှိပေမဲ့ အနည်းစုသာဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာလည်း COVID-19 လက္ခဏာတွေကို နာတာရှည် ခံစားရမှု ၅၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။ ယခု ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးမထားရသေးသူတွေနဲ့ နှိုင်းယှဥ်ထားတာဖြစ်ပြီး ဗြိတိန်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၇၈.၉ ရာခိုင်နှုန်းရှိပြီလို့ BBC သတင်းက ဖော်ပြပါတယ်။



COVID-19 ကူးစက်ခံရသူ အများအပြားဟာ ရက်သတ္တပတ် ၄ ပတ်အတွင်း နေပြန်ကောင်းလာပေမဲ့ အချို့ဟာ ပထမဆုံးအကြိမ် ကူးစက်ခံရပြီးနောက် လနဲ့ချီကြာ ရောဂါလက္ခဏာများ ဆက်ဖြစ်နေတတ်ပြီး နာတာရှည် COVID လို့ ခေါ်ဝေါ်ကြပါတယ်။ ထိုသို့ ရောဂါလက္ခဏာတွေ နာတာရှည်ဖြစ်နေမှုဟာ မပြင်းထန်တဲ့ COVID-19 လက္ခဏာ ကြုံခဲ့ရသူတွေမှာပင် ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: Getty Images

သုတေသီတွေက ၎င်းတို့ရဲ့ သုတေသနတွေ့ရှိချက်ကို The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ရာ ကာကွယ်ဆေးထိုးခြင်းက အသက်တွေကိုကယ်နိုင်ပြီး ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုကို ကာကွယ်ပေးတာ ရှင်းလင်းသေချာတယ်လို့ ပြောထားပါတယ်။ သို့သော် ကာကွယ်ဆေးတွေက နာတာရှည် နာမကျန်းဖြစ်ခြင်းအပေါ် အကျိုးသက်ရောက်မှုကတော့ သေချာမှုနည်းတယ်လို့ ဆိုပါတယ်။

ဗြိတိန်အခြေစိုက် Zoe Covid Study app ကနေ စုဆောင်းရရှိ အချက်အလက်များအပေါ် ဆန်းစစ်လေ့လာမှုအရလည်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေမှာ COVID-19 ကူးစက်ခံရမှုရှိပေမဲ့ ၀.၂ ရာခိုင်နှုန်းမျှသာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလနဲ့ ယခုနှစ် ဇူလိုင်လအတွင်း ထို app က ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၁.၂ သန်းကျော်နဲ့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၉၇၁,၅၀၄ ဦးတို့ရဲ့ အချက်အလက်တွေကို ခြေရာခံ မှတ်သားခဲ့ပါတယ်။ Zoe Covid Study app ဟာ ရောဂါလက္ခဏာ၊ ကာကွယ်ဆေး၊ စစ်ဆေးမှုတို့နဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကိုယ်တိုင် မှတ်တမ်းတင်မှုတွေကို ခြေရာခံ မှတ်သားထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က