ကာကွယ်နိုင်မှုမြှင့်တင်ရန် ကာကွယ်ဆေးထပ်ထိုးတဲ့ booster shot မူဝါဒသတ်မှတ်ချက်တွေကို ဥရောပက ပြန်သုံးသပ်နေပါတယ်

ဥရောပရဲ့ နေရာဒေသတွေမှာ COVID-19 ကူးစက်မှုများ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) စံချိန်တင် မြင့်တက်လာခဲ့ပြီး ကာကွယ်နိုင်မှုမြှင့်တင်ရန် ကာကွယ်ဆေးထပ်ထိုးတဲ့ booster shot မူဝါဒသတ်မှတ်ချက်တွေကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ထပ်မံ စဥ်းစားသုံးသပ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါရဲ့ ဗဟိုချက်နေရာ ထပ်ဖြစ်လာတဲ့ ဥရောပဒေသတွင်းမှာ အစိုးရတွေက အသွားအလာ ထိန်းချုပ်ကန့်သတ်ချက်များ အသစ်ထုတ်ပြန်ထားရပါတယ်။ ယနေ့ စာရင်းတွေအရ ဥရောပဒေသတွင်း ဆလိုဗက်ကီးယား၊ ချက်ရီပတ်ဘလစ်နဲ့ ဟန်ဂေရီ နိုင်ငံတွေမှာ နေ့အလိုက် ကူးစက်မှုများ စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။



(Photo: Sergio Perez / Reuters)

ဆလိုဗက်ကီးယားမှာ ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်လာနေပြီး ယနေ့ ထုတ်ပြန်ချက်အရ နေ့အလိုက် ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ ဆလိုဗက်ကီးယားက တစ်နိုင်ငံလုံးကို ကာလတို lockdown သတ်မှတ်ရန် စီစဥ်နေပါတယ်။ ဆလိုဗက်ကီးယားနဲ့ အိမ်နီးချင်း ဩစတြီးယားမှာတော့ တစ်နိုင်ငံလုံးကို နိုဝင်ဘာ ၂၂ ရက်နေ့မှစပြီး lockdown ချထားပါတယ်။

ချက်ရီပတ်ဘလစ်နိုင်ငံမှာလည်း ယနေ့ ကူးစက်မှုအသစ် ၂၅,၀၀၀ ကျော်အဖြစ် ပထမဆုံးအကြိမ် တွေ့ရှိရပြီး နေ့အလိုက် အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ ဟန်ဂေရီမှာတော့ ယနေ့စာရင်းတွေအရ ကူးစက်မှုအသစ် ၁၂,၆၃၇ ခု တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်မှု ၁.၀၂၅ သန်းနဲ့ သေဆုံးသူ ၃၃,၅၁၉ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။

ဂျာမနီ၊ နယ်သာလန်၊ ခရိုအေးရှား၊ အီတလီ အစရှိတဲ့ ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ နေ့စဥ် မြင့်တက်နေကြောင်း သိရပါတယ်။ ဥရောပမှာ ဆောင်းရာသီကာလ အေးခဲမှုနဲ့ ခရစ်စမတ်အကြို လူတွေ နေအိမ်တွင်း စုရုံးကြမှုတွေက COVID-19 ကူးစက်မှုဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်လို့ ဆိုပါတယ်။ COVID-19 ကပ်ရောဂါဟာ တရုတ်အလယ်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၂၅၈ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး ၅.၄ သန်း သေဆုံးခဲ့ပါတယ်။

(Photo: Justin Sullivan / Getty Images)

လက်ရှိ ကူးစက်မှုအခြေအနေတွေအရ ဥရောပသမဂ္ဂ အများပြည်သူကျန်းမာရေးအေဂျင်စီ ECDC (European Centre for Disease Prevention and Control) က ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသား အရွယ်ရောက်ပြီးသူ အားလုံးမှာ ကာကွယ်နိုင်မှုမြှင့်တင်ရန် ကာကွယ်ဆေး ထပ်မံထိုးကြရန်နဲ့ အသက် ၄၀ နှစ်အထက်တွေကို ဦးစားပေးအဖြစ် သတ်မှတ်ထိုးပေးရန် ထောက်ခံအကြံပြုခဲ့ပါတယ်။

"အစ္စရေးနဲ့ ဗြိတိန်မှ ထွက်ပေါ်လာတဲ့ အထောက်အထားတွေအရ အသက်အရွယ် အုပ်စုအားလုံးမှ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေမှာ ကာကွယ်နိုင်မှုမြင့်တင်ရန် booster shot ခေါ် ကာကွယ်ဆေးထပ်တိုးပြီးနောက် ကူးစက်မှုနဲ့ ပြင်းထန်တဲ့ရောဂါဖြစ်မှုကို ကာကွယ်နိုင်စွမ်း မြင့်တက်လာကြောင်း တွေ့ရှိထားတယ်" လို့ ECDC က ယနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတစ်စောင်မှာ ပြောထားပါတယ်။

(Photo: Bernadett Szabo / Reuters)

ဥရောပနိုင်ငံ အများအပြားမှာ booster shot အနေနဲ့ ကာကွယ်ဆေးထိုးမှုတွေကို စတင်နေခဲ့ပြီဖြစ်ပေမဲ့ ဦးစားပေးမှုနဲ့ ယခင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် အချိန်ကာလ မည်မျှအကြာမှာ ထပ်တိုးရမယ့် သတ်မှတ်ချက်တွေ ကွဲပြားနေခဲ့ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေ ကာကွယ်ဆေး ထပ်ထိုးခြင်းက ကူးစက်ခြင်းမှ ကာကွယ်နိုင်မှုကို မြှင့်တင်ပေးမှာဖြစ်သလို လူတွေကြားမှာ ကူးစက်ပျံ့နှံ့မှုကိုလည်း လျှော့ချပေးနိုင်ပြီး နောက်ထပ် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေကို တားဆီးနိုင်မယ်လို့ ECDC အကြီးအကဲ Andrea Ammon က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က