ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီက သူ့အနေနဲ့ ကိုဗစ်ကူးစက်ခံရပြီးနောက် အဆုတ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားခဲ့ရကြောင်း၊ ဒါတွေကို ဂရုမစိုက်ဘဲ အတင်းအဓမ္မ ရုန်းကစားဖို့ လုပ်ခဲ့တာကြောင့် အခြေအနေ ပိုဆိုးခဲ့ကြောင်း ပြောကြားလာပါတယ်။ မက်ဆီဟာ (၂၀၂၂) ဇန်နဝါရီအစောပိုင်းမှာ ကိုဗစ် ကူးစက်ခံရတာပါ။
မက်ဆီဟာ ကိုဗစ်ကူးစက်မှုလက္ခဏာတွေအဖြစ် လည်ချောင်းနာ၊ ချောင်းဆိုးနဲ့ အဖျားဝေဒနာတို့ကို ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ပိုးပျောက်ကင်းသွားချိန်မှာတောင် မက်ဆီရဲ့အဆုတ်မှာ ကိုဗစ်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေရှိနေခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် မက်ဆီက ဒီအကြောင်းတွေကို အာဂျင်တီးနား မီဒီယာတခုနဲ့ တွေ့ဆုံခန်းမှာ ပြောပြခဲ့ပါတယ်။
မက်ဆီက “ကိုဗစ်ကူးစက်ပြီးနောက်ပိုင်း ကျနော့်မှာ နောက်ဆက်တွဲဝေဒနာတွေ ဖြစ်ပွားခဲ့ပါတယ်။ ကျနော့်ရဲ့ အဆုတ်မှာပေါ့။ ကျနော် အသင်းဆီ ပြန်လာခဲ့ပေမယ့် တလခွဲလောက် မပြေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်အဆုတ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားခဲ့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြပေးဖို့ ကြိုးစားရင်း အခြေအနေပိုဆိုးခဲ့ကြောင်းလည်း အခုလိုပြောပါတယ်။ မက်ဆီက “ကျနော် အနားယူသင့်တဲ့အချိန်မတိုင်ခင်မှာ ကစားဖို့ ကျနော် ပြန်လာခဲ့ပါတယ်။ အဲ့ဒီနောက် အခြေအနေက ပိုဆိုးသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က အရမ်းမြန်မြန်ပြန်လာတာကြောင့်ပါ”
“အဲ့ဒီနောက်မှာတော့ အခြေအနေက ပိုဆိုးသွားခဲ့ပြီး ကျနော်လည်း နောက်ပြန်ရောက်သလိုဖြစ်ခဲ့ရပါတယ်။ ကျနော်ထပ်ပြီး အနားမယူချင်ခဲ့ပါဘူး။ ပြေးချင်တယ်၊ လေ့ကျင့်ခန်းဆင်းချင်တယ်၊ သွားချင်လာချင်၊ ကစားခွင့်ရချင်ခဲ့ပါတယ်။ နောက်ဆုံးကျ အခြေအနေက ပိုမိုဆိုးရွားခဲ့ပါတယ်” လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။