အသစ်တစ်ဖန် ဖြစ်ပွားနေတဲ့ ကူးစက်မှုတွေက ပိုမိုပျံ့နှံ့လာမယ်လို့ ခန့်မှန်းရကြောင်း သတိပေးထားပါတယ်

တရုတ်နိုင်ငံမှာ နှစ်စဥ်ကျင်းပပြုလုပ်တဲ့ ဘေဂျင်းမာရသွန်အပြေးပြိုင်ပွဲကို COVID-19 ကူးစက်မှုများ မြင့်တက်နေတာကြောင့် နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

(တရုတ်မှာ ကိုဗစ်စစ်ဆေးရန် တို့ဖတ်နမူနာရယူမှု) (Photo: Getty Images)

တရုတ်ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေက အသစ်တစ်ဖန် ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်မှုတွေဟာ ပိုမိုပျံ့နှံ့လာမယ်လို့ ခန့်မှန်းရကြောင်း သတိပေးခဲ့ပြီးနောက် ဘေဂျင်းမာရသွန်ပွဲ (Beijing Marathon) ကို ရွှေ့ဆိုင်းထားရန် အာဏာပိုင်တွေက ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။



နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၁၁ ခုမှာ ကူးစက်မှု ၁၃၃ ခုကျော် တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ကူးစက်မှုအားလုံးဟာ ပိုမိုကူးစက်မြန်တဲ့ ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်နဲ့ ဆက်နွယ်နေပါတယ်။ ယခု တရုတ်မှာ ကူးစက်မှုများ မြင့်တက်လာမှုဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက Nanjing မှာ ဖြစ်ပွားခဲ့တဲ့ ကူးစက်မှုများနောက်ဆုံး အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

(ဘေဂျင်းမာရသွန် မြင်ကွင်းတစ်ခု) (Photo: AP)

COVID-19 ကူးစက်မှုတွေ အသစ်တစ်ဖန်တွေ့လာရကြောင့် ကပ်ရောဂါကို ချွင်းချက်မထားဘဲ အပြင်းအထန် တုံ့ပြန်ဆောင်ရွက်နေတဲ့ တရုတ်ရဲ့စွမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာပါတယ်။ အထူးသဖြင့် တရုတ်က ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွေ လက်ခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေရာ စိုးရိမ်မှုတွေရှိလာပါတယ်။

ဘေဂျင်းမာရသွန်ပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြည်တွင်းအားကစားပွဲတွေအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၈၁ ခုနှစ်ကတည်းက နှစ်စဥ်ကျင်းပလာခဲ့ပါတယ်။ မာရသွန်အပြေးပြိုင်ပွဲကို တိန်အန်မင်ရင်ပြင်မှ တာထွက်ပြီးနောက် ဘေဂျင်းအိုလံပစ်ပန်းခြံရှိ အထိမ်းအမှတ်ရင်ပြင်မှာ ပန်းဝင်နေရာ သတ်မှတ်ထားပါတယ်။

(ဘေဂျင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးရန် တန်းစီစောင့်ဆိုင်းနေကြစဥ်) (Photo: AP)

အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားခဲ့တဲ့ ဘေဂျင်မာရသွန်ပြိုင်ပွဲကို လူဦးရေ ၃၀,၀၀၀ ခန့် ပါဝင်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ ဘေဂျင်းမာရသွန်အပြင် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားတဲ့ ဝူဟန်မာရသွန်ပွဲ (Wuhan Marathon) ကိုလည်း တရုတ်အာဏာပိုင်တွေက ‌ရွှေ့ဆိုင်းထားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က