ကိုဗစ်စည်းမျဥ်းကန့်သတ်ချက်တွေကို ဆန္ဒပြကြရာမှာ ဆူပူအုံကြွမှု အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်

ဥရောပဒေသတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး နယ်သာလန်၊ ဩစတြီးယား၊ ခရိုအေးရှားနဲ့ အီတလီစတဲ့ ဥရောပနိုင်ငံတွေမှာ lockdown စည်းမျဥ်းသတ်မှတ်ချက်အသစ်တွေကို ဆူပူအုံကြွ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပါတယ်။

နယ်သာလန်မြို့တော် Hague မြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ကြပြီး စက်ဘီးတွေကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ Rotterdam မြို့မှာ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့ရာ လူသုံးဦး သေနတ်ဒဏ်ရာရခဲ့ပြီး နောက်တစ်ညမှာ Hague မြို့တော်မှာလည်း ဆူပူအုံကြွ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။



(Amsterdam မြို့ ဆန္ဒပြပွဲမြင်ကွင်း) (Photo: Reuters)

ဥရောပမှာ ကူးစက်မှုတွေ မြင့်တက်နေခြင်းကို အလွန်စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးထားပါတယ်။ ဥရောပတစ်လွှား ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေ မတင်းကျပ်ပါက လာမယ့် နွေဦးရာသီမှာ နောက်ထပ် သေဆုံးမှု သန်းတစ်ဝက်ရှိလာနိုင်တယ်လို့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ ဒေါက်တာ Hans Kluge က BBC သတင်းဌာနကို ပြောပါတယ်။

ဥရောပနိုင်ငံအတော်များများမှာ COVID-19 ကူးစက်မှုတွေ လတ်တလော စံချိန်တင်မြင့်တက်နေခဲ့ပါတယ်။ သက်ဆိုင်ရာ အစိုးရတွေက ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်ပြီး မြင့်တက်လာတဲ့ ကူးစက်မှုတွေကို ထိန်းချုပ်ရန်ကြိုးပမ်းနေကြရာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေကလည်း ရှိနေပါတယ်။

(Rotterdam မြို့မှာ ဆူပူအုံကြွ ဆန္ဒပြမှု) (Photo: AFP)

နယ်သာလန်မှာ နိုဝင်ဘာ ၂၀ ရက်က Amsterdam မြို့အပါအဝင် မြို့ကြီး မြို့ငယ်တွေမှာ ဆန္ဒပြခဲ့ကြပြီး အဓိကရုဏ်းဖြစ်ပွားမှုအချို့လည်း ရှိခဲ့ပါတယ်။ ဆူပူအုံကြွသူတွေက Hague မြို့တော် လမ်းမတွေပေါ်မှာ စက်ဘီးတွေကို မီးရှို့ခဲ့ကြရာ အဓိကရုဏ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က မြင်းများ၊ ခွေးများနဲ့ တုတ်များသုံးပြီး လူအုပ်စုကို ဖြိုခွဲရန်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ တစ်စုံတစ်ဦးက လူနာတင်ဆောင်သွားတဲ့ အရေးပေါ်ကားရဲ့ ပြတင်းပေါက်ကို ခဲဖြင့်ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ Hague မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒူးဒဏ်ရာရသူတစ်ဦးကို အရေးပေါ် လူနာတင်ယာဥ်ဖြင့် ခေါ်ထုတ်သွားခဲ့ရကြောင်း ရဲတပ်ဖွဲ့က Twitter မှာ ‌ပြောထားပါတယ်။

(ခရိုအေးရှားမှာ ဆန္ဒပြမှု) (Photo: AP)

နယ်သာလန်မှာ ထိပ်တန်းဘောလုံးပွဲစဥ် နှစ်ခုကိုလည်း ပရိသတ်များ ကွင်းအတွင်း ပြေးဝင်လာခဲ့တာကြောင်း ယာယီရပ်နားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ COVID-19 စည်းမျဥ်းကန့်သတ်ချက်အရ ပရိသတ်တွေကို အားကစားကွင်းအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားပြီလို့ သိရပါတယ်။

COVID-19 စည်းမျဥ်းကန့်သတ်ချက်တွေကို Rotterdam မြို့မှာ ဆန္ဒပြရာမှ အကြမ်းဖက်မှုဖြစ်လာခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသုံးဦး သေနတ်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ နယ်သာလန်မှာ ရဲတပ်ဖွဲ့က ဆူပူအုံကြွမှုအတွင်း လူဦး‌ရေ ဒါဇင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပဒေသတွင်း ဩစတြီးယားမှာလည်း အစိုးရက တစ်နိုင်ငံလုံးကို lockdowon ချထားမှာဖြစ်ကြောင်းနဲ့ ကာကွယ်ဆေးကို မဖြစ်မနေထိုးရန်အဖြစ် သတ်မှတ်သွားရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့ပြီးနောက် မြို့တော်ဗီယင်နာမှာ လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဩစတြီးယားအစိုးရက COVID-19 ကူးစက်မှုမြင့်တက်နေတာကို ထိန်းချုပ်ရန်အတွက် တစ်နိုင်ငံလုံးကို တနင်္လာနေ့ (နိုဝင်ဘာ ၂၂ ရက်) မှစပြီး ၂၀ ကြာ lockdown သတ်မှတ်ထားမယ်လို့ သိရပါတယ်။

(ဩစတြီးယားမှာ ဆန္ဒပြမှု) (Photo: AP)

ခရိုအေးရှားနိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်စုက Zagreb မြို့တော်မှာ ချီတက်ဆန္ဒပြကြပြီး ပြည်သူ့ဝန်ထမ်းတွေ ကာကွယ်ဆေး မဖြစ်မနေထိုးရန် သတ်မှတ်မှုအပေါ် ဒေါသထွက်နေကြပါတယ်။ ထိုအတောအတွင်း အီတလီနိုင်ငံမှာလည်း လူဦးရေ ထောင်ဂဏန်းအနည်းငယ်က ရှေးဟောင်း Circus Maximus မှာ စုရုံးကြပြီး COVID-19 စည်းမျဥ်းကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြကြောင်း သိရပါတယ်။

ဥရောပတိုက်တစ်လွှား ကူးစက်မှုများ မြင့်တက်လာနေခဲ့တာကြောင့် ဥရောပဟာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်မှာ သတိပေးထားခဲ့ပါတယ်။


Share

Loading Next Article...
က္က