ဒီဇင်ဘာ ၉ ရက်မှ ၂၂ ရက်အထိ ထိုမြို့မှာ ကူးစက်မှုအရေအတွက် ၂၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပါတယ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xi'an မြို့မှာ လတ်တလော COIVD-19 ကူးစက်မှုတွေ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် တင်းကျပ်ပြင်းထန်တဲ့ စီမံဆောင်ရွက်ချက်တွေ သတ်မှတ်လုပ်ဆောင်နေပါတယ်။

အာဏာပိုင်တွေက မြို့ရဲ့လူဦးရေ ၁၃ သန်းကို နေအိမ်မှာသာနေထိုင်ရန် lockdown သတ်မှတ်ထားပြီး မရှိမဖြစ် ပစ္စည်းများဝယ်ယူရန် အိမ်ထောင်စုတစ်ခုမှ လူတစ်ဦးသာ နှစ်ရက်တစ်ကြိမ် အပြင်ထွက်ခွင့်ပြုထားပါတယ်။ ထို့အတူ မဖြစ်မနေ အလုပ်များ လုပ်ကိုင်သူတွေကိုသာ လုပ်ငန်းခွင်သို့သွားရန် အပြင်ထွက်ခွင့်ပြုကြောင်းလည်း သိရပါတယ်။



Xi'an မြို့ လမ်းမတွေကို အတားအဆီးများဖြင့် ပိတ်ထားခဲ့ပြီး လူအများအပြားဟာ အေးစက်နေတဲ့ ရာသီဥတုအခြေအနေမှာ နှာခေါင်းနဲ့အာခေါင်မှ ဓာတ်ခွဲနမူနာများ စုဆောင်းရယူတဲ့ COVID-19 စစ်ဆေးရေးနေရာတွေမှာ တန်းစီစောင့်ဆိုင်းနေကြတာ ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွေ့ခဲ့ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Xi'an မြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့မှစပြီး ခြောက်ရက်ဆက်တိုက် ကူးစက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက်မှ ၂၂ ရက်အထိ ထိုမြို့မှာ ပြည်တွင်းကူးစက်မှုအရေအတွက် ၂၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ Shaanxi ပြည်နယ်ရဲ့မြို့တော် Xi'an မြို့ဟာ တရုတ်ရဲ့ ပထမဆုံး ဧကရာဇ် Qin Shi Huang နဲ့အတူ မြှုပ်နှံထားခဲ့တဲ့ စစ်သည်ပန်းပုရုပ်တွေရှိတာကြောင့်လည်း လူသိများထင်ရှားတဲ့ မြို့ဖြစ်ပါတယ်။

ထိုမြို့မှာ တွေ့ရှိရတဲ့ COVID-19 ကူးစက်မှုဟာ တရုတ်ပြည်ပကြီးအပြင်ဘက် ဖြစ်ပွားနေတဲ့ ကူးစက်မှုအများအပြားထက် အရေအတွက် များစွာလျော့နည်းပြီး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကူးစက်မှုတွေလည်း မရှိသေးပါဘူး။ သို့သော် တရုတ်အစိုးရရဲ့ COVID လုံးဝကင်းစင်ရေး မဟာဗျူဟာအရ ကူးစက်မှုအနည်းငယ်မျှ တွေ့ရှိရပေမဲ့လည်း လူအစုအပြုံလိုက်ကို စစ်ဆေးမှုနဲ့ တင်းကျပ်တဲ့ lockdown ကန့်သတ်ချက်တွေ သတ်မှတ်ဆောင်ရွက်လေ့ရှိပါတယ်။

ထိုသို့ဆောင်ရွက်မှုအရ Xi'an မြို့မှာနေထိုင်သူ ၁၃ သန်းဟာ ခက်ခဲကြမ်းတမ်းတဲ့ lockdown ကာလကို တွေ့ကြုံဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။ Xi'an မြို့ကနေ ထွက်ခွာရန်လိုအပ်သူတွေဟာ COVID-19 မရှိကြောင်း စစ်ဆေးထားတဲ့အဖြေနဲ့ အလုပ်ရှင် သို့မဟုတ် နယ်မြေဆိုင်ရာ အာဏာပိုင်တွေထံမှ ထောက်ခံချက်ရှိရန် လိုအပ်ကြောင်း သိရပါတယ်။

Xi'an မြို့မှာ ခရီးရှည်ပြေးဆွဲနေတဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေနဲ့ တက္ကစီများ၊ ကားအငှားလုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားပြီး အဝေးပြေးလမ်းမထွက်ပေါက်တွေမှာ ရဲတပ်ဖွဲ့က ဂိတ်စခန်းချ စောင့်ဆိုင်းနေပါတယ်။ Xi'an မြို့မှာ ထုတ်ပြန်ထားတဲ့ lockdown သတ်မှတ်ချက်ဟာ မည်မျှကြာနိုင်ကြောင်း မသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဖေဖေါ်ဝါရီလမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိနေရာ COVID-19 သတိပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ စတင်တွေ့ရှိတဲ့နေရာဖြစ်တဲ့ တရုတ်နိုင်ငံဟာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၁၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၈၄၉ ဦးရှိခဲ့ကြောင်း အစိုးရရဲ့ တရားဝင်စာရင်းတွေအရ သိရှိရပါတယ်။ တရုတ်မှာစတွေ့ခဲ့ရတဲ့ ကပ်ရောဂါဟာ ယနေ့အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၇၇ သန်းကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၅.၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။

Photo: AP, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က