Molnupiravir အမည်ရှိ ဗိုင်းရပ်စ်သတ် သောက်ဆေးတစ်မျိုးက COVID-19 ကုသရေးအတွက် အလားအလာကောင်းရှိနေပြီလို့ ဆိုပါတယ်

တစ်ကမ္ဘာလုံးမှာ ဂယက်ရိုက်မှုကြီးမားခဲ့တဲ့ COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးဟာ ကမ္ဘာကြီးအတွက် အလွန်အရေးပါလှပါတယ်။

ကမ္ဘာတစ်ဝန်း ပညာရှင်တွေနဲ့ ဆေးဝါးကုမ္ပဏီတွေကလည်း ထိရောက်တဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး ဖော်စပ်ထုတ်လုပ်နိုင်ရန် အပတ်တကုတ် ကြိုးပမ်းနေကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကာကွယ်ဆေးတွေ ထိုးနေကြပြီဖြစ်သည့်တိုင် COVID-19 ကပ်ရောဂါအန္တရာယ်က ကြီးကြီးမားမားရှိနေဆဲ ဖြစ်ပါတယ်။



ယခုအခါ အမေရိကန်ဆေးဝါးကုမ္ပဏီ Merck & Co နဲ့ Ridgeback Biotherapeutics ဇီဝနည်းပညာကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ Molnupiravir အမည်ရှိ ဗိုင်းရပ်စ်သတ် သောက်ဆေးတစ်မျိုးက COVID-19 ကုသရေးအတွက် အလားအလာကောင်းရှိနေပြီလို့ ဆိုပါတယ်။ Molnupiravir ဗိုင်းရပ်စ်သတ်ဆေးကို စမ်းသပ်နေဆဲဖြစ်ပြီး ရောဂါမပြင်းထန်တဲ့ အရွယ်ရောက်ပြီးသား COVID-19 ကူးစက်ခံသူတွေမှာ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်ကြောင်း နောက်ပိုင်းအဆင့် စမ်းသပ်မှုတစ်ခုမှာ တွေ့ရှိထားပါတယ်။

ထိုဆေးဟာ လူနာတွေအနေနဲ့ အလွယ်တကူရရှိနိုင်ပြီး မိမိအိမ်မှာပင် သောက်သုံးနိုင်တာကြောင့် အစိုးရအချို့ကတော့ သက်ဆိုင်ရာ ဆေးဝါးကွပ်ကဲမှုအဖွဲ့တွေက ခွင့်ပြုချက်မပေးမီမှာပင် ကြိုတင်မှာကြားထားမှုတွေ ရှိနေပြီလည်း ဖြစ်ပါတယ်။ Molnupiravir ဆေးအကြောင်း သိထားသင့်တဲ့အချက်အချို့ကို Bloomberg ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Molnupiravir ဆိုတာ ဘာလဲ?

Molnupiravir ဆိုတာ ဆေးဘက်ဆိုင်ရာ ဓာတုအမည်ဖြစ်ပြီး မူလက တုပ်ကွေးရောဂါကုသရန် ထုတ်လုပ်ထားတဲ့ သောက်ဆေးတောင့်တစ်မျိုး ဖြစ်ပါတယ်။ Molnupiravir က ခန္ဓာကိုယ်တွင်း COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ် ပွားများလာခြင်းကို ဟန့်တားပေးပါတယ်။ ထိုဆေးကို အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ရှိ Emory တက္ကသိုလ်က ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Merck & Co နဲ့ Ridgeback Biotherapeutics LP တို့က ထုတ်လုပ်ပါတယ်။

ဘယ်လို ထိရောက်မှုရှိလဲ?

ကျပန်းစမ်းသပ်မှုတွေအရ ရောဂါမပြင်းထန်တဲ့ COVID-19 လူနာတွေကို ဆေးရုံတက်ရမှု ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း Merck & Co က အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

အခြားဆေးတွေနဲ့ ဘာကွာလဲ?

Molnupiravir ရဲ့ အဓိက အားသာချက်က သောက်ဆေးဖြစ်တာပါ။ သောက်ဆေးဖြစ်တာကြောင့် လူနာတွေကို နေအိမ်မှာပင် ကုသပေးနိုင်ပါတယ်။ ထို့အတူ ဈေးနှုန်းလည်း သက်သာနိုင်ပါတယ်။ Molnupiravir ဆေး ၅ ရက် သောက်ရမယ့် ကုန်ကျစရိတ်က လူနာတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၇၀၀ ကုန်ကျနိုင်ပြီး monoclonal antibody ကုသမှုကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံ ဖြစ်ပါတယ်။

ဘယ်လို သောက်ရတာလဲ?

ရောဂါမပြင်းထန်တဲ့ အရွယ်ရောက်ပြီးသား COVID-19 လူနာတွေဟာ Molnupiravir ကို ၁၂ နာရီခြား တစ်ကြိမ် ၅ ရက် သောက်ရပါတယ်။ အထိရောက်ဆုံး ကုသမှုဖြစ်တဲ့ ဆေးသောက်ရမယ့်ပုံစံကို ဆုံးဖြတ်နိုင်ရန် လေ့လာမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးရှိလား?

ကြားဖြတ် လေ့လာဆန်းစစ်မှုတွေအရ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားဖြစ်မှု မတွေ့ရပါဘူး။ စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတွေအနက် ၁.၃ ရာခိုင်နှုန်းမျှသာ ဘေးထွက်ဆိုးကျိုး လက္ခဏကြောင့် စမ်းသပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ Molnupiravir ဘေးကင်းစိတ်ချရမှုကို ဆုံးဖြတ်နိုင်ရန် ပိုမိုများပြားတဲ့ လူဦးရေမှာ စမ်းသပ်ရန်လိုအပ်ပါတယ်။

ဆေးရရှိနိုင်မှု အခြေအနေ

Merck & Co က ၂၀၂၁ ခုနှစ်ကုန်မှာ COVID-19 ကုသမှု ၁၀ သန်းအတွက် ဆေးများထုတ်လုပ်ရန် မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်မှာ ပိုမိုတိုးမြှင့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း Merck & Co နဲ့ အမေရိကန်အစိုးရကြား ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဆေးဝါးအရောင်းအဝယ် သဘောတူညီမှုရရှိခဲ့ပါတယ်။

ထိုသဘောတူညီမှုအရ FDA ခွင့်ပြုချက်ရချိန်မှာ ကုသမှု ၁.၇ သန်းအတွက် ဆေးဝါးတွေကို Merck & Co က အမေရိကန်အတွက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဩစတြေးလျ၊ စင်ကာပူ၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံတွေနဲ့လည်း ဆေးဝါးထောက်ပံ့ရန် Merck & Co က သဘောတူညီမှုရရှိထားပါတယ်။

ကာကွယ်ဆေးတွေ မလိုတော့ဘူးလား?

ကုသရေးအတွက် Molnupiravir ဆေး အသုံးပြုလာနိုင်ပေမဲ့လည်း ကာကွယ်ဆေးတွေက လိုအပ်နေမှာပါ။ ကာကွယ်ဆေးတွေဟာ COVID-19 ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်တွေအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

Ref: Merck & Co, Bloomber, Reuters Photo: Merck & Co, Reuters, AP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က