လူတစ်ဦးက တစ်စုံတစ်ရာသော အကြောင်းအရာကို စွဲလန်းပြီး ထပ်တလဲလဲအတွေးတွေနဲ့ စိုးရိမ်တာ ၊ ကြောက်လန့်တာကို Obsessive -compulsive disorder (OCD) လို့ခေါ်ပါတယ်။ အထူးသဖြင့် အခု ကိုဗစ်ကာလမှာ စိုးရိမ်စိတ်လွန်ကဲပြီး လက်ကို အကြိမ်ရေခဏခဏဆေးတာ ၊ ကိုယ်သတိမထားမိချိန်မှာပဲ လက်ဆေးနေတာ ၊ ပိုးသတ်ဆေးအလွန်အကျွံဖျန်းတာတွေဟာ OCD အစပျိုးနေတာ ဖြစ်ပါတယ်။
Photo: The News Minute
စွဲလမ်းမှုပြဿနာ (OCD) ရဲ့ လက္ခဏာများ
အကြောင်းအရာတစ်စုံတစ်ခုကို စွဲလမ်းမှုကြောင့် အပြုအမူတစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလျှော့ချဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အပြုအမူတွေ စတင်ပါတယ်။
- ပိုးမွှားတွေကို ကြောက်လို့ လက်အကြိမ်ကြိမ်ဆေးခြင်း
- အရာတစ်ခုခုကို ထပ်ခါထပ်ခါပြန်စစ်တာ
( သော့ပိတ်ထားလား ၊ မီးခလုတ်ပိတ်ထားလား စသည်ဖြင့်)
- ထပ်ဖန်တလဲလဲ ရေတွက်ခြင်း
- ပစ္စည်းတွေကို စီခြင်း
- ပစ္စည်းတွေ သိုလှောင်ခြင်း
- အာမခံချက်တွေ တောင်းခြင်း
- ဒီစကားတွေပဲ ထပ်ဖန်တလဲလဲပြောခြင်း
Photo: Healthline
OCD နဲ့ ဆက်စက်ပြီး ဖြစ်နိုင်ချေရှိတဲ့ စိတ်ကျန်းမာရေးအခြေအနေများ
စွဲလမ်းမှုပြဿနာ (OCD) ပြဿနာရှိသူတွေဟာ ဆက်စပ်တဲ့ တခြားစိတ်ကျန်းမာရေး အခြေအနေတွေ ရှိတတ်ကြပါတယ်။
စိတ်ဓာတ်ကျခြင်း
ကိုယ့်ကို ပုံမှန်ပျော်ရွှင်စေခဲ့တဲ့ အကြောင်းအရာတွေမှာ မပျော်တော့ဘဲ ဝမ်းနည်းတာ ၊ ဘဝဟာ မျှော်လင့်ချက်မဲ့တာမျိုးကို ခံစားကြရပါတယ်။
အစာစားပုံမမှန်ခြင်း
ပုံမှန်အစားအသောက်စားနေကြ အလေ့အကျင့်ကနေ ပုံမမှန်တဲ့ အစားစားခြင်း အပြုအမူတွေကို ဦးတည်သွားတာမျိုး ရှိပါတယ်။
စိုးရိမ်သောကရောဂါ
အကြောင်းအရာတစ်ခု ၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး တွေးပြီး ပူပန်မှုတွေကို ဖြစ်စေတဲ့ စိုးရိမ်သောကရောဂါလည်း ဖြစ်တတ်ပါတယ်။
ပစ္စည်းတွေအလွန်အကျွံစုတာ
ပစ္စည်းတွေအလွန်အကျွံဝယ်တာ ၊ စုတာ ၊ အဲဒီပစ္စည်းတွေကို မစွန့်နိုင်တာ အပါအဝင် မစီမံ မခန့်ခွဲနိုင်တော့တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် OCD နဲ့ ပြင်းထန်စိတ်ကျရောဂါရှိသူတွေဟာ မိမိကိုယ်ကို သတ်သေလိုတဲ့ ခံစားချက်တွေလည်း ဖြစ်နိုင်ပြီး အချိန်မီ မကုသနိုင်ရင် အလွန်အန္တရာယ်များပါတယ်။
OCD ဖြစ်စေတဲ့ အချက်ရယ်လို့ အတိအကျမရှိပေမယ့် ငယ်ဘဝမှာ ညှင်းပန်းခံရတာ ၊ စိတ်ဖိစီးတာ ၊ ရောဂါတစ်မျိုးမျိုးကူးစက်ခံရတာ စတဲ့အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။
Photo: Cardiff University
စွဲလမ်းမှုပြဿနာ (OCD) ရဲ့ အဓိက အချက် (၃)ချက်
စွဲလမ်းမှု
မလိုလားအပ်တဲ့ အတွေးတွေ ၊ ပုံရိပ်တွေဟာ စိတ်ထဲကို အကြိမ်ကြိမ်ဝင်လာတယ်။
စိတ်ခံစားမှု
စွဲလမ်းမှုဟာ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှု (သို့) စိတ်ဆင်းရဲမှုကို ဖြစ်စေပါတယ်။
အပြုအမူ
OCD ရှိတဲ့လူတစ်ဦးဟာ တူညီတဲ့ အပြုအမူတွေ ၊ စွဲလမ်းမှုကြောင့် ဖြစ်လာတဲ့ ပူပင်သောကကို ဖြေရှင်းဖို့ အပြုအမူတွေ လုပ်တတ်ကြပါတယ်။ အဲဒါကို လုပ်လိုက်ရင် စိတ်သက်သာရာ ရပေမယ့် နောက်ပြီးရင် ပြန်ပူပင်ရတာမျိုးနဲ့ပဲ သံသရာလည်နေတာပါ။
ဒါကြောင့် ကိုယ့်အပြုအမူတွေဟာ OCD နဲ့ ဆင်တူတယ်လို့ ခံစားမိတာမျိုး ၊ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်က လူတစ်ဦးဦး OCD ခံစားနေရတယ်လို့ တွေးမိတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင် ၊ ဆရာဝန်တွေနဲ့ ဆွေးနွေး တိုင်ပင် ကုသဖို့ လိုပါတယ်။