ပိုင်ရှင်ဖြစ်သူတွေ ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံတက်ရစဥ် သို့မဟုတ် သီးခြားခွဲပြီး အသွားအလာ ကန့်သတ်နေထိုင်ရစဥ်မှာ အိမ်မွေးတိရိစ္ဆာန်တွေဟာ ကြည့်ရှုကျွေးမွေးစောင့်ရှောက်မယ့်သူမရှိတဲ့အဖြစ်နဲ့ ကျန်ရစ်ခဲ့ကြရပါတယ်

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာ ကူးစက်မှုနှုန်း လျော့ကျလာပေမဲ့ နေ့စဥ် ကူးစက်မှုအသစ် ထောင်ဂဏန်းအရေအတွက် တွေ့နေရဆဲဖြစ်ပါတယ်။

ကူးစက်ခံရသူ ၄.၂ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၀၀၀ ကျော်ပြီဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကပ်ရောဂါကို ရင်ဆိုင်နေကြရစဥ် လူတွေသာမက အိမ်မွေးတိရိစ္ဆာန်တွေလည်း အခက်ကြုံခဲ့ကြရပါတယ်။ COVID-19 ကူးစက်လူနာတွေ မွေးမြူထားကြတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ ပိုင်ရှင်ဖြစ်သူတွေ ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံတက်ရစဥ် သို့မဟုတ် သီးခြားခွဲပြီး အသွားအလာ ကန့်သတ်နေထိုင်ရစဥ်မှာ ကြည့်ရှုကျွေးမွေးစောင့်ရှောက်မယ့်သူမရှိတဲ့အဖြစ်နဲ့ ကျန်ရစ်ခဲ့ကြရပါတယ်။



(Photo: Adi Kurniawan/Reuters)

ထိုသို့ ကျွေးမွေးစောင့်ရှောက်သူ ပိုင်ရှင်မဲ့နေတဲ့ အိမ်မွေးတိရိစ္ဆာန် ခွေးတွေ ကြောင်တွေကို Animal Defender တိရိစ္ဆာန်ချစ်သူအဖွဲ့က "AD-19 အစီအစဥ်" အကောင်အထည်ဖော်ပြီး ကူညီစောင့်ရှောက်ပေးနေပါတယ်။ AD-19 ကို ပြီးခဲ့တဲ့လအတွင်း စတင်ခဲ့ကြတာဖြစ်ပြီး Animal Defender အဖွဲ့က ပိုင်ရှင်မရှိဘဲ ကျန်ရစ်နေခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ ခေါ်ဆောင်မလာမီ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်လေ့ရှိပါတယ်။

အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းမှာ အများအားဖြင့် ဒီ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ပိုင်ရှင်တွေ ကွယ်လွန်သွားကြပြီဆိုတဲ့ သတင်းတွေ ပြည့်နေတတ်တာကိုပါပဲ

Animal Defender ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှာ ခွေးနဲ့ကြောင့် အကောင်ရေ ၁၆၀ ကျော်ရှိနေခဲ့ရာ ပြီးခဲ့လအတွင်း နောက်ထပ် ခွေး အကောင် ၄၀ နဲ့ ကြောင် ၄ ကောင် ထပ်မံရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဂေဟာတည်ထောင်သူ Doni Herdaru Tona က အိမ်လုပ် အစားအစာနဲ့ အဝတ်အထည်တွေ ရောင်းချပြီး ခွေးတွေ ကြောင်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေရှာဖွေနေပါတယ်။ ၎င်းရဲ့ဂေဟာက တစ်လလျှင် အမေရိကန်ဒေါ်လာ ၈,၃၄၀ ကုန်ကျပါတယ်။

Doni က အိမ်မွေးတိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရန် ပိုင်ရှင်တွေထံကနေ အလှူငွေ သို့မဟုတ် ကျသင့်ငွေ လက်မခံဘူးလို့ ဆိုပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေ လူကို ကူးစက်မယ့် စိုးရိမ်မှုတွေကြောင့်လည်း အိမ်မွေးတိရိစ္ဆာန် အများအပြားဟာ စွန့်ပစ်ခံကြရတယ်လို့ Doni က ပြောပါတယ်။

တိရိစ္ဆာန်ဆေးကုဆရာဝန် Magda Rumawas ကတော့ လူတွေဟာ အလွန်အမင်း စိုးရိမ်ပူပန်တာမျိုး မဖြစ်သင့်ကြောင်းနဲ့ သီးခြားခွဲနေထိုင်ကြတဲ့ COVID-19 လူနာတွေအနေနဲ့ စိတ်သောက လျော့ပါးစေရန် ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို အနားမှာထားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

"သူတို့က လူတွေအတွက် ဖျော်ဖြေမှုဖြစ်စေပြီး စိတ်ဖိစီးမှုလျော့စေပါတယ်၊ ဒါပေမဲ့ သူတို့ကို ပွေ့ဖက်တာ နမ်းတာ မလုပ်သင့်ဘူးလို့ အကြုံပြုချင်ပါတယ်" လို့ Magda က ပြောပါတယ်။ AD-19 အစီအစဥ်က အိမ်မွေးတိရိစ္ဆာန် ပိုင်ရှင်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေခဲ့ပြီး ခွေးတွေ ကြောင်တွေကို ရေချိုးပေးခြင်း၊ အစားရေစာကျွေးခြင်းနဲ့ လှောင်အိမ်များ သန်ရှင်းရေးလုပ်ခြင်းတို့ ပုံမှန်လုပ်ဆောင်နေပါတယ်။

(Photo: screengrab from Reuters video)

သူတို့က လူတွေအတွက် ဖျော်ဖြေမှုဖြစ်စေပြီး စိတ်ဖိစီးမှုလျော့စေပါတယ်၊ ဒါပေမဲ့ သူတို့ကို ပွေ့ဖက်တာ နမ်းတာ မလုပ်သင့်ဘူးလို့ အကြုံပြုချင်ပါတယ်

"ပိုင်ရှင်ရဲ့ တောင်းဆိုမှုအတိုင်း ကျွန်တော်တို့ အားလုံး လုပ်ဆောင်ပေးသွားမှာပါ" လို့ Doni က ပြောပါတယ်။ ပုံမှန်အားဖြင့် ပိုင်ရှင်တွေ COVID-19 ကနေ နာလန်ထပြီး နေပြန်ကောင်းလာချိန်မှာ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လည်ပေးအပ်လေ့ရှိပါတယ်။ သို့သော် အချို့ ပိုင်ရှင်တွေကတော့ ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်ကို ပြန်လာမယူကြတော့ဘူးလို့ ဆိုပါတယ်။ "အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းမှာ အများအားဖြင့် ဒီ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ပိုင်ရှင်တွေ ကွယ်လွန်သွားကြပြီဆိုတဲ့ သတင်းတွေ ပြည့်နေတတ်တာကိုပါပဲ" လို့ AD-19 အစီအစဥ်ကို ဦးဆောင်နေသူ Doni က ဖွင့်ဟခဲ့ပါတယ်။

Source: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က