ဗိုင်းရပ်စ်ရဲ့ ဖြစ်နိုင်ခြေအရှိဆုံး မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးတွေကြား ယူဆချက်ကွဲပြားနေဆဲ ဖြစ်ပါတယ်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ မူလဇစ်မြစ်ကို ၎င်းတို့အနေနဲ့ မည်သည့်အခါမျှ ဖော်ထုတ်နိုင်ဖွယ်မရှိကြောင်း၊ သို့သော် ကပ်ရောဂါကို ဇီဝလက်နက်တစ်ခုအဖြစ် ဖန်တီးခဲ့ခြင်းမဟုတ်ကြောင်း ကောက်ချက်ချခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက ပြောပါတယ်။

ဗိုင်းရပ်စ်စတင်ခဲ့တဲ့နေရာမှ နောက်ဆုံးသိရှိရတဲ့ အချက်အလက်တွေအရ တိရိစ္ဆာန်ကနေ လူသားထံသို့ ကူးစက်မှုနဲ့ ဓာတ်ခွဲခန်းကနေထွက်လာမှု နှစ်ခုလုံးဟာ အဆိုပါ ဗိုင်းရပ်စ် မည်သို့ ပျံ့နှံ့ခဲ့ကြောင်း ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်များဖြစ်တယ်လို့ ODNI (Office of the US Director of National Intelligence) က ဆိုပါတယ်။



(Photo: Getty Images)

သို့သော် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး အခိုင်အမာ ကောက်ချက်ချရန် လုံလောက်တဲ့ သတင်းအချက်အလက်မရှိခဲ့ဘူးလို့ ODNI က ပြောပါတယ်။ တရုတ်နိုင်ငံကတော့ ODNI ရဲ့ အစီရင်ခံစာကို ဝေဖန်ခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က ရက် ၉၀ အတွင်း ဗိုင်းရပ်စ်ကိစ္စ ပြန်လည်သုံးသပ်ရန် ဩဂုတ်လအတွင်း ညွှန်ကြားထားခဲ့ပြီးနောက် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို လျှို့ဝှက်အဆင့် မသတ်မှတ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဗိုင်းရပ်စ်ရဲ့ ဖြစ်နိုင်ခြေအရှိဆုံး မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးတွေကြား ယူဆချက်ကွဲပြားနေဆဲ ဖြစ်တယ်လို့လည်း ထိုအစီရင်ခံစာက ဆိုပါတယ်။ ထောက်လှမ်းရေးအေဂျင်စီ ၄ ခုက ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်က မူလဇစ်မြစ်ဖြစ်ကြောင်း ယုံကြည်မှုအနည်းငယ်သာရှိပါတယ်။

သို့သော် အေဂျင်စီတစ်ခုကတော့ လူသားမှာ ပထမဆုံး ကူးစက်ခံရမှုဟာ ဓာတ်ခွဲခန်းမတော်တဆမှုကြောင့် ဖြစ်နိုင်ကြောင်း၊ Wuhan Institute of Virology က စမ်းသပ်မှု သို့မဟုတ် ဓာတ်ခွဲခန်းရှိ တိရိစ္ဆာန်ကနေ စတင်ခဲ့ကြောင်း အလယ်အလတ်ယုံကြည်မှုရှိပါတယ်။ တရုတ်အစိုးရတာဝန်ရှိသူတွေဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်း ဝူဟန်မြို့မှာ COVID-19 ကနဦး ကူးစက်ဖြစ်ပွားခဲ့မှု မတိုင်မီ ဗိုင်းရပ်စ်ရှိနေခဲ့ကြောင်း သတိမထားမိခဲ့ကြဘူးလို့လည်း ODNI အစီရင်ခံစာက ပြောထားပါတယ်။

(Photo: The Straits Times / ANN)

သို့သော် တရုတ်က ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သူတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လက် နှောင့်နှေးစေခဲ့ကြောင်းနဲ့ သတင်းအချက်အလက်များ မျှဝေခြင်းမရှိခဲ့ကြောင်း ODNI က ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေက အစောပိုင်း COVID-19 ကူးစက်မှုတွေကို ဝူဟန်မြို့ရှိ ပင်လယ်စာဈေးနဲ့ ဆက်နွယ်နေကြောင်း ထုတ်ပြန်ခဲ့ရာ သိပ္ပံပညာရှင်တွေအနေနဲ့ ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ လူသားများထံသို့ ကူးစက်ပျံ့နှံ့ခဲ့ကြောင်း အယူအဆတွေအပေါ် အာရုံစိုက်စရာ ဖြစ်ခဲ့ကြပါတယ်။

ယခုနှစ် အစောပိုင်းမှာတော့ COVID-19 ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာခဲ့ကြောင်း အမေရိကန်မီဒီယာ‌တွေက ဖော်ပြလာခဲ့ကြပါတယ်။ ထို့နောက် မေလအတွင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဓာတ်ခွဲခန်းကနေထွက်လာကြောင်း ယူဆချက်အပါအဝင် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် ထောက်လှမ်းရေးတာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ COVID-19 ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကနေထွက်လာကြောင်း အယူအဆကို ပယ်ချထားပါတယ်။

(Photo: Andreas Gebert / Bloomberg)

ယခုနောက်ဆုံး အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အစီရင်ခံစာကိုလည်း ဝါရှင်တန်ရှိ တရုတ်သံရုံးက တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ "COVID-19 ရဲ့ မူလဇစ်မြစ်ကို ဖော်ထုတ်သိရှိဖို့ သိပ္ပံပညာရှင်တွေအစား ၎င်းရဲ့ထောက်လှမ်းရေးအပေါ် မှီခိုနေတဲ့ အမေရိကန်လုပ်ရပ်တွေက အဓိပ္ပါယ်မရှိတဲ့ နိုင်ငံရေးပြဇာတ်သက်သက်ပါပဲ" လို့ တရုတ်သံရုံးက ပြောပါတယ်။

"ဗိုင်းရပ်စ် မူလဇစ်မြစ်ကို ခြေရာခံဖို့ သိပ္ပံပညာအခြေခံတဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ကျွန်ုပ်တို့ အားပေးကူညီခဲ့ပါတယ်၊ ဆက်လက်ပြီးတော့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ဒီကိစ္စကို နိုင်ငံရေးထဲဆွဲသွင်းတာကို ကျွန်ုပ်တို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်" လို့ တရုတ်သံရုံးက တုံ့ပြန်ထားပါတယ်။

COVID-19 ကပ်ရောဂါဟာ စတင်ဖြစ်ပွားခဲ့ပြီး ၂ နှစ်နီးပါး ကြာမြင့်လာတဲ့ ယနေ့အထိ ကာကွယ်ဆေးများပေါ်နေပြီဖြစ်ပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ဂယက်ရိုက်ခတ်နေဆဲဖြစ်ပြီး အခက်အခဲနဲ့ ဆုံးရှုံးမှုများစွာ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ သန်း ၂၄၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၄.၉ သန်းကျော် သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က