သုဝဏ္ဏ ကမာကြည်လမ်းမကြီးတစ်လျှောက်ကတော့ ညနေစောင်းပြီဆိုရင် မုန့်စျေးတန်းလေးတစ်ခုလို စားသောက်စရာတွေ အစုံအလင် ရနိုင်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ သုဝဏ္ဏကမာကြည်မီးပွိုင့်ကနေ ကမာကြည်လမ်းမပေါ်ကို ကွေ့လိုက် တယ်ဆိုရင်ပဲ အရသာစုံလင်ကွဲပြားတဲ့ Street Food ဆိုင်လေးတွေကို မြင်တွေ့ရမှာပါ။ ဒီဆိုင်တန်းလေးတွေထဲမှာ (၂၅) နှစ်ကျော် ကြာ ဖွင့်လှစ်ရောင်းချနေတဲ့ ကိုကြက်ကင်လို့ အများက ခေါ်ကြတဲ့ ကြက်ကင်ဆိုင်လေးတစ်ဆိုင်လည်း ရှိပါတယ်။
ကိုကြက်ကင်ရဲ့ ကြက်ကင်ဆိုင်လေးအစပြုရာ
ကြက်ကင်ပညာကို သူများဆိုင်မှာ အလုပ်လုပ်ရင်းသင်ယူခဲ့တာဖြစ်ပြီး အိမ်ထောင်ကျပြီးချိန်မှာတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ပြီး ရောင်းချခဲ့တာပါလို့ ကိုကြက်ကင်လို့ အများကသိကြတဲ့ ကိုသက်နိုင်၀င်း ကပြောပါတယ်။ အသက်(၁၈)နှစ်အရွယ် လောက်ကတည်းက ကမာကြည်လမ်းမပေါ်မှာ ကြက်ကင်ဆိုင်ဖွင့်လှစ် ရောင်းချခဲ့တာဖြစ်ပြီး နာမည်အရင်းထက် ကိုကြက်ကင်လို့ အများကသိကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။
“ အကင်ဆိုင်မှာ တစ်နှစ်ခွဲလောက် အလုပ်လုပ်ရင်းပညာသင်တာ ၊ ဆိုင်ကအကင်ပညာအကုန်သင်ပေး တာတော့မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် လိုက်မှတ်ရတာပေါ့ ။ အဲဒီကနေမှ အိမ်ထောင်ကျပြီးချိန်မှာ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ပြီး ကမာကြည်လမ်းမကြီးပေါ်မှာစရောင်းတာပါ။ စရောင်းတုန်းက ဒီလမ်းမကြီးက ဗွက်တွေနဲ့ ဒီလိုလမ်းအကျယ်ကြီးလည်းမဟုတ်သေးဘူး ခေါက်ခုံလေးနဲ့စရောင်းတာ ။ နောက်ပိုင်း စားပွဲခုံ၊ လှည်းနဲ့ဖြစ်လာတာ အခုထိပါပဲ ’’ လို့ ကိုသက်နိုင်၀င်းကပြောပါတယ်။
ကိုကြက်ကင်ဆိုပြီးအမည်တွင်ရတဲ့အထိ စားလို့ကောင်းတဲ့ ကြက်ကင်ရဲ့လျှို့ဝှက်ချက်
ဝယ်သူတွေဘယ်လောက်များများ ကြက်ကင်ကို မီးအေးအေးနဲ့ သေချာဂရုတစိုက် ကင်ပေးတတ်တာကြောင့် ကိုကြက်ကင်ရဲ့ ကြက်ကင်က အကျက်ညီပြီး စားရတာတခြားကြက်ကင်တွေနဲ့မတူဘူးလို့ စားသုံးသူတွေက မှတ်ချက်ပြုကြပါတယ်။
‘’ကြက်ကင်ရဲ့ အနံ့အရသာ၊ အရည်အသွေးကောင်းမွန်ဖို့ ကြက်သားဝယ်တဲ့အခါ လတ်ဆတ်ပြီး စျေးအကြီးဆုံးကြက် ကိုပဲဝယ်တယ်။ စျေးနည်းတဲ့ကြက်သားကိုဝယ်မယ်ဆို ကိုယ့်အတွက်ကိုက်ပေမယ့် စားသုံးသူတွေအတွက် အဆင်မပြေဘူး။ ကင်တဲ့အခါလည်း မြန်မြန်ကျက်အောင် မီးအများကြီးနဲ့မကင်ဘူး။ အဲဒီလိုကင်ရင် အပေါ်တွေက တူးပြီးအထဲကမကျက်တော့ စားမကောင်းဘူး။ မီးအေးအေးနဲ့ သေချာကျက်အောင် စားကောင်းအောင်ကင်တယ် ။ အဓိကကတော့ အချိန်ပေးပြီးကိုယ်စားသလို ပဲကင်ပေးတာပါ’’ လို့ ကိုသက်နိုင်၀င်းကပြောပါတယ်။
စရောင်းကတည်းက အခုထိဝယ်စားနေဆဲ ဖောက်သည်တွေ
ဒီလို အရသာနဲ့အရည်အသွေးကို အမြဲဂရုစိုက်တာကြောင့် ဖောက်သည်ဟောင်းတွေက အခုထိဝယ်စားဆဲဖြစ်သလို သုဝဏ္ဏနဲ့သင်္ဃန်းကျွန်း မြို့နယ်ကစားသုံးသူတွေအပြင် တခြားမြို့နယ်တွေကနေ အမြဲမှာယူစားသုံးကြတဲ့ ဖောက်သည်တွေလည်းရှိတယ်လို့ ကိုသက်နိုင်၀င်းက အခုလို ပြောပါတယ်။
“ ဆိုင်စဖွင့်ထဲက ဝယ်စားတဲ့ဖောက်သည်တွေဆို တခြားနေရာပြောင်းသွားလဲ အခုထိတကူးတကလာပြီး ဝယ်စားကြတယ်။ တောင်ဒဂုံကိုပြောင်းသွားတဲ့ ဖောက်သည်တစ်ယောက်ဆို တကူးတက အမြဲလိုလိုလာ ဝယ်စားတယ်။ မြောက်ဒဂုံ၊ ကျောက်မြောင်း၊ တာမွေ၊ သာကေတဘက်ကဖောက်သည်တွေဆိုလည်း အမြဲဖုန်းဆက်ပြီး လှမ်းမှာတယ်။ တစ်ခါမှာရင်( ၅,၀၀၀) ၊ (၁၀,၀၀၀) ဖိုးက အနည်းဆုံးမှာကြတယ်” လို့ ကိုသက်နိုင်၀င်းကပြောပါတယ်။
စလယ်၀င်အိုးကနေ ပြည်၀င်အိုးဖြစ်လာတဲ့အထိ ဒီလုပ်ငန်းနဲ့ ရပ်တည်နေ
လွန်ခဲ့တဲ့ (၂၅)နှစ် ကြက်ကင်စရောင်းကာစက တစ်ရက်ကို (၃,၀၀၀) ကျပ်ဖိုးလောက်ရောင်းရပြီး လက်ရှိအချိန် မှာတော့ တစ်ရက်ကို ကျပ် တစ်သိန်းဖိုးလောက် ပုံမှန်ရောင်းရပါတယ်။ ဒီကြက်ကင်ဆိုင်လေးက ရတဲ့ဝင်ငွေလေးနဲ့ပဲ မိသားစု (၅) ယောက် စားဝတ်နေရေးနဲ့ ပညာရေး၊ကျန်းမာရေးအထိ အဆင်ပြေပြေရပ်တည်နိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အခုလိုရပ်တည်နိုင်အောင် နှစ်ပေါင်းများစွာ အားပေးလာတဲ့ စားသုံးသူတွေကို ကျေးဇူးတင်တဲ့စိတ် အမြဲထားတယ်လို့ ကိုသက်နိုင်၀င်းကပြောပါတယ်။
ကြက်ပေါင်တစ်ခု (၇၀) ကျပ်ကနေ (၁,၀၀၀) ကျပ်ရောင်းတဲ့ခေတ်ဖြစ်လာ
ကိုသက်နိုင်၀င်းရဲ့ ကြက်ကင်ဆိုင်မှာတော့ အသဲမြစ်၊ အတောင်ပံ၊ အဆီဗူး၊ အူ၊ ပေါင်၊ ရင်ပုံ၊ ခေါင်း၊ လည်ချောင်း စတဲ့ အကင်စုံတွေရ ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ (၂၅) နှစ် စရောင်းကာစကတော့ ကြက်ပေါင်၊ ရင်ပုံတစ်ကင်ကို (၇၀) ကျပ် ဝန်းကျင်နဲ့ရောင်းချခဲ့ပေမယ့် ခေတ်အလိုက် ကုန်စျေးနှုန်းပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲရတာကြောင့် လက်ရှိမှာတော့ ကြက်ပေါင်၊ရင်ပုံတစ်ကင်ကို (၁,၀၀၀)ကျပ်နဲ့ရောင်းချပေးနေပါတယ်။ အကင်အမျိုးအစားလိုက် ငွေကျပ်အနည်းဆုံး (၁၀၀၊၂၀၀) တန် ကနေ အများဆုံး(၁,၀၀၀)ကျပ်တန်ထိရှိပါတယ်။
ကိုကြက်ကင်ဆိုင်လေးဖွင့်လှစ်ချိန်နဲ့ လိပ်စာ
ဆိုင်နေရာလေးကတော့ သုဝဏ္ဏကမာကြည် မီးပွိုင့်အနီး ကမာကြည်လမ်းမပေါ် မှာဖြစ်ပြီး ညနေ(၄) နာရီခွဲကနေည(၁၀) နာရီအထိ ပိတ်ရက်မရှိဘဲ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကမာကြည်ဘက်ရောက်ဖြစ်တဲ့အခါ မြည်းစမ်းကြည့်ဖို့ စားလို့လည်းကောင်း ဈေးလည်းတန်တဲ့ ကိုကြက်ကင်ဆိုင်လေး ကို ညွှန်းပေးလိုက်ပါတယ်။