ဗိုင်းရပ်စ်သစ်ကို ကိုလံဘီယာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ရပြီးနောက် အခြား တောင်အမေရိက နိုင်ငံတွေနဲ့ ဥရောပမှာလည်း ကူးစက်မှုသတင်းတွေ ရှိလာခဲ့ပါတယ်

ယခုနှစ် ဇန်နဝါရီလအတွင်း ကိုလံဘီယာနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ရပြီး မျူ (Mu) လို့ သိထားကြတဲ့ မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်တစ်မျိုးကို စောင့်ကြည့်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။

သိပ္ပံဆိုင်ရာအမည် B.1.621 လို့ သတ်မှတ်ထားတဲ့ Mu ဗိုင်းရပ်စ်သစ်ကို စောင့်ကြည့်ရမယ့် ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် WHO က သတ်မှတ်ထားကြောင်း ယမန်နေ့ (ဩဂုတ် ၃၁ ရက်) သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။ အဆိုပါ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ကာကွယ်ဆေးများကို ခုခံနိုင်စွမ်းရှိတဲ့ လက္ခဏာတွေ့ရပြီး ပိုမိုသိရှိနားလည်နိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်ကြောင်း WHO က ဆိုပါတယ်။



(Photo: Getty Images)

ကမ္ဘာတစ်ဝန်းမှာ COVID-19 ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်းကို စိုးရိမ်ပူပန်နေကြပါတယ်။ လက်ရှိမှာ ပိုမိုကူးစက်မြန် ဒယ်လ်တာ (Delta) ဗိုင်းရပ်စ်သစ်က ကာကွယ်ဆေးမထိုးထားရသေးတဲ့ နေရာတွေနဲ့ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့ နေရာတွေမှာ သိသာစွာ ကူးစက်ပျံ့နှံ့နေပါတယ်။

သာမန်အားဖြင့် COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 အပါအဝင် ဗိုင်းရပ်စ်အားလုံးဟာ အချိန်နဲ့အမျှ မျိုးဗီဇပြောင်းလဲနေကြပြီး ဗီဇပြောင်းမှု အများစုကတော့ မူလဗိုင်းရပ်စ်ရဲ့သဘာဝအပေါ် အနည်းငယ်မျှသာ သက်ရောက်မှုရှိ သို့မဟုတ် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ သို့သော် အချို့ ဗီဇပြောင်းမှုတွေက မူလဗိုင်းရပ်စ်ရဲ့သဘာဝအပေါ် သက်ရောက်မှုရှိပြီး ပိုမိုကူးစက်မြန်စေခြင်း၊ ရောဂါပြင်းထန်စေခြင်း၊ ကာကွယ်ဆေးနဲ့ ဆေးဝါးတွေကို ခုခံနိုင်စွမ်းရှိလာခြင်းတို့ ဖြစ်လာစေပါတယ်။

(Photo: Joaquin Sarmiento/AFP)

လက်ရှိအချိန်အထိ WHO က ၁၉၃ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ အယ်လ်ဖာ (Alpha) နဲ့ နိုင်ငံပေါင်း ၁၇၀ မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဒယ်လ်တာ (Delta) အပါအဝင် စိုးရိမ်စရာကောာင်းတဲ့ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ် ၄ မျိုးရှိကြောင်း သတ်မှတ်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် Mu အပါအဝင် ၅ ခုမြောက် စိုးရိမ်စရာဖြစ်လာနိုင်ခြေရှိတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်သစ်တွေကိုလည်း WHO က စောင့်ကြည့်နေပါတယ်။

Mu ဗိုင်းရပ်စ်သစ်ကို ကိုလံဘီယာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ရပြီးနောက် အခြား တောင်အမေရိက နိုင်ငံတွေနဲ့ ဥရောပမှာလည်း ကူးစက်မှုသတင်းတွေ ရှိလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၁၈ သန်းကျော်ကို ကူးစက်ခဲ့ပြီး ကူးစက်ခံရသူ ၁၉၅ သန်းကျော် ပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ ၄.၅ သန်းကတော့ ထိုကပ်ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။

Share

Loading Next Article...
က္က