ကိုလံဘီယာနိုင်ငံရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာနဲ့ အကြီးဆုံး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
အိုတိုနီးလ် (Otoniel) လို့ လူသိပိုများတဲ့ ဒိုင်ယာရို အန်တိုနီယို အူဆူဂါ (Dairo Antonio Usuga) ကို စနေနေ့ (အောက်တိုဘာ ၂၃ ရက်) က ကြည်းတပ်၊ လေတပ်နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်ကြတဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာအစိုးရက အိုတိုနီးလ် မည်သည့်နေရာတွင်ရှိကြောင်း သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ ပေးမယ်လို့ ဆုငွေထုတ်ထားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက အိုတိုနီးလ်အတွက် ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ထားတယ်လို့ ဆိုပါတယ်။
(အိုတိုနီးလ်ကို ဖမ်းဆီးထားစဥ်) (Photo: Colombia's Military Forces / Reuters)
ကိုလံဘီယာသမ္မတ Ivan Duque က အိုတိုနီးလ်ကို ဖမ်းဆီးရမိခြင်းအတွက် ရုပ်မြင်သံကြား သတင်းစကားထဲမှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ "ဒါက ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်အတွင်း မူးယစ်ကုန်ကူးမှုတိုက်ဖျက်ရေး အကြီးမားဆုံး ထိုးနှက်ချက်ကြီး ဖြစ်ပါတယ်၊ ဒီထိုးနှက်ချက်က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မူးယစ်ရာဇာ ပက်ဘလိုအက်စ်ကိုဘာ ကျဆုံးခန်းနဲ့သာ နှိုင်းယှဥ်နိုင်ပါတယ်" လို့ သမ္မတ Ivan က ပြောပါတယ်။
အိုတိုနီးလ်ကို ကိုလံဘီယာအနောက်မြောက်ပိုင်း Antioquia ပြည်နယ်ရှိ ၎င်း ပုန်းအောင်းနေထိုင်ရာ ကျေးလက်ဒေသမှာ ဖမ်းဆီးရမိခဲ့ပြီး ထိုနေရာဟာ ပနားမားနိုင်ငံနဲ့ နယ်စပ်အနီးမှာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အိုတိုနီးလ်ကို ဖမ်းဆီးခဲ့တဲ့ Osiris စစ်ဆင်ရေး ဖြစ်စဥ်အသေးစိတ် သတင်းများထွက်ပေါ်လာနေဆဲဖြစ်ပြီး သမ္မတ Ivan ပြောကြားမှုအရ စစ်ဆင်ရေးအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(အိုတိုနီးလ်ကို ဖမ်းဆီးရမိ မှတ်တမ်းယူနေစဥ်) (Photo: Colombian Police)
နောက်ပိုင်းမှာ ကိုလံဘီယာစစ်တပ်က လက်ထိပ်ခတ်ထားတဲ့ အိုတိုနီးလ်ကို စစ်သားများ စောင့်ကြပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့ပါတယ်။ အိုတိုနီးလ်ကို ဖမ်းဆီးခဲ့တဲ့ Osiris စစ်ဆင်ရေးမှာ ကိုလံဘီယာ လက်နက်ကိုင် အထူးတပ်ဖွဲ့ဝင် ၅၀၀ ကျော်နဲ့ ရဟတ်ယာဥ် ၂၂ စီး ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Diego Molano က ဆိုပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်အတွင်း မူးယစ်ကုန်ကူးမှုတိုက်ဖျက်ရေး အကြီးမားဆုံး ထိုးနှက်ချက်ကြီး ဖြစ်ပါတယ်၊ ဒီထိုးနှက်ချက်က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မူးယစ်ရာဇာ ပက်ဘလိုအက်စ်ကိုဘာ ကျဆုံးခန်းနဲ့သာ နှိုင်းယှဥ်နိုင်ပါတယ်
ယခုစစ်ဆင်ရေးမတိုင်မီ လတ်တလော နှစ်များအတွင်း အသက် ၅၀ နှစ်အရွယ် ကိုလံဘီယာရဲ့ အကြီးဆုံး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အိုတိုနီးလ်ကိုဖမ်းဆီးရန် အရာရှိ ထောင်နဲ့ချီပါဝင်တဲ့ ကြီးမားတဲ့ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ၎င်းရဲ့အကိုဖြစ်သူ Gulf Clan ရာဇဝတ်ဂိုဏ်းရဲ့ ယခင်ခေါင်းဆောင်ဟာ ရဲတပ်ဖွဲ့က နှစ်သစ်အကြိုပါတီပွဲတစ်ခုကို ဝင်ရောက်စီးနင်းမှုအတွင်း ပစ်သတ်ခံရပြီးနောက် အိုတိုနီးလ်က အဆိုပါဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
(အိုတိုနီးလ်နှင့် ကိုလံဘီယာ အထူးတပ်ဖွဲ့ဝင်အချို့) (Photo: Reuters)
Gulf Clan ဟာ နိုင်ငံရဲ့ အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းဖြစ်ကြောင်း ကိုလံဘီယာလုံခြုံရေးတပ်ဖွဲ့တွေက သတ်မှတ်ထားကြပါတယ်။ ထိုရာဇဝတ်ဂိုဏ်းက ကိုလံဘီယာရဲ့ ပြည်နယ်အများအပြားမှာ လှုပ်ရှားနေပြီး ကျယ်ပြန်တဲ့ နိုင်ငံတကာအဆက်အသွယ်များရှိကာ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးခြင်း၊ တရားမဝင် ရွှေတူးဖော်ခြင်းနဲ့ ခြိမ်းခြောက်ငွေတောင်းယူမှုများ လုပ်ဆောင်ကြောင်း သိရပါတယ်။
Gulf Clan ရာဇဝတ်ဂိုဏ်းမှာ လက်နက်ကိုင်အဖွဲ့ဝင် ၁,၈၀၀ ခန့်ရှိတယ်လို့ ယုံကြည်ရပြီး လက်ယာစွန်းရောက် လက်နက်ကိုင်အုပ်စုတွေကနေ အဓိက လူသစ်စုဆောင်းပါတယ်။ Gulf Clan ဂိုဏ်းဝင်တွေကို အာဂျင်တီးနား၊ ဘရာဇီး၊ ဟွန်ဒူးရပ်စ်၊ ပီရူးနဲ့ စပိန်တို့မှာ ဖမ်းဆီးရမိမှုတွေ ရှိခဲ့ပါတယ်။
(အိုတိုနီးလ်ကို ဖမ်းဆီးခေါ်ဆောင်လာစဥ်) (Photo: Reuters)
အိုတိုနီးလ်ရဲ့ ရာဇဝတ်ဂိုဏ်းက ကိုလံဘီယာကနေ အမေရိကန်နဲ့ ရုရှားအထိ မူးယစ်ဆေးဝါးကုန်ကူးတဲ့ လမ်းကြောင်းအများအပြားကို ထိန်းချုပ်ထားပါတယ်။ လတ်တလော နှစ်များအတွင်း Gulf Clan ရာဇဝတ်ဂိုဏ်းဟာ ဦးဆောင်ဂိုဏ်းဝင်များ တောနက်ထဲရှိ အစွန်အဖျားနယ်မြေများသို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြရာ ဂိုဏ်းဝင်အင်အား လျော့နည်းလာခဲ့ကြောင်း ကိုလံဘီယာအစိုးရက ယုံကြည်ထားပါတယ်။
ယခု ဖမ်းဆီးရမိခဲ့တဲ့ ကိုလံဘီယာရဲ့ အလိုအရှိဆုံး မူးယစ်နဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အိုတိုနီးလ်ဟာ အမေရိကန်သို့ ကိုကင်းတင်သွင်းမှု၊ ရဲအရာရှိများကိုသတ်မှုနဲ့ ကလေးများကို ဂိုဏ်းဝင်အဖြစ် လူသစ်စုဆောင်းမှု အပါအဝင် ပြစ်မှုအများအပြားနဲ့ စွဲချက်တင်ခံရမှာ ဖြစ်ပါတယ်။ အိုတိုနီးလ်ဟာ ၂၀၀၉ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံမှာ စွဲချက်တင်ခံထားရပြီး တရားခံလွှဲပြောင်းရေးလုပ်ငန်းစဥ်များနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးသတင်းတွေအရ မူးယစ်ရာဇာ အိုတိုနီးလ်ကို အမေရိကန်သို့ လွှဲပြောင်းသွားမယ်လို့ ကိုလံဘီယာအစိုးရက ကြေညာလိုက်ကြောင်း သိရပါတယ်။
Ref: AP, Al Jazeera, BBC, CNN, Reuters
Share