ထမင်းကြော်ကိုမှ မအီတဲ့ဝက်သားဟင်းချက်လေးနဲ့ စားရတာက နှစ်သက်စေမယ့်အရသာပါ။ဒီလိုအရသာကို တစ်ခါစားဖူးတာနဲ့ အကြိုက်တွေ့စေမယ့် ဆိုင်ကောင်းလေး တစ်ဆိုင်နဲ့မိတ်ဆက် ပေးချင်ပါတယ်။ ဒီဆိုင်လေး ကတော့ ဆင်မလိုက်ဦးကျော်ဆိုတဲ့ ဝက်အငံချက်နဲ့ ထမင်းကြော်ဆိုင်လေးပဲ ဖြစ်ပါတယ်။
တစ်ပွဲ(၆၀)ကျပ်ခေတ်က ရောင်းလာတဲ့ ဆင်မလိုက်ဦးကျော် ထမင်းကြော်ဆိုင်
ဆင်မလိုက်ဦးကျော်လို့ဆိုလိုက်တာနဲ့ သူရဲ့ဝက်အငံချက်နဲ့ထမင်းကြော် အရသာလေးကို စားဖူးသူတိုင်းက အမှတ်ရမိကြမှာပါ။ ၁၉၉၈ခုနှစ် ကစတင်ခဲ့တဲ့ ဦးကျော်ရဲ့ ဝက်အငံချက် ထမင်းကြော်ဆိုင်လေးဟာ အခုဆိုရင် တော့ နှစ်ပေါင်း(၂၀) ကျော်ပြီဖြစ်ပါတယ်။ ဝက်အငံချက်နဲ့ ထမင်းကြော် တစ်ပွဲ(၆၀)ကျပ်ခေတ်ထဲက ရောင်းချလာတဲ့ ဆင်မလိုက်ဦးကျော် ထမင်းကြော်ဆိုင်လေးဟာ မပြောင်းလဲတဲ့အရသာနဲ့ စေတနာတွေကြောင့် စားသုံးသူတွေ ရဲ့အားပေးမှုကို ယနေ့တိုင်ရရှိနေတဲ့ဆိုင်လေးပါ။ “ဒီဆိုင်လေးရဲ့ သက်တမ်းက အခုဆို(၂၄)နှစ်ကျော်ပြီပေါ့။ ကလေးတွေငယ်တော့ မိန်းမက ရုံးအလုပ်ကနေ ထွက်ပြီး ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ဆိုတဲ့စိတ်ကူးကနေ ဒီထမင်းကြော်ဆိုင်လေးဖြစ်လာတာ။ ဆိုင်လေးက စဖွင့်ကတည်းက အဆင်ပြေတယ်။ အဲ့ဒီတော့ဒီဆိုင်လေးနဲ့မိသားစုရပ်တည်လို့ရတယ်ဆိုပြီး ဒီအလုပ်လေးနဲ့ရပ်တည်ရင်း အနယ်နယ်အရပ်ရပ်ကလာအားပေးကြရင်းနဲ့ နှစ်ပေါင်း(၂၀)ကျော်လာတာပေါ့”လို့ ဦးကျော်ကထမင်းကြော်ဆိုင် လေးရဲ့စတင်ပုံကို ပြောပြပါတယ်။
မအီပဲစားကောင်းလှတဲ့ ဆင်မလိုက်ဦးကျော် ဝက်အငံချက်ထမင်းကြော်
ဒီဆိုင်လေးမှာတော့ ပုံမှန်ထမင်းကြော်ဆိုင်တွေလို ဟင်းအများအပြားကိုမြင်တွေ့ရမှာမဟုတ်ပဲ ဝက်အငံ ချက်ဟင်းတအိုးနဲ့ ထမင်းကြော်ဒယ်အိုးတို့ကိုသာမြင်တွေ့ရမှာပါ။ ဒီလိုရိုးရှင်တဲ့မြင်ကွင်းပေမယ့် ကြက်သွန်နဲ့ ချင်းကိုဆီသတ်ပြီး မီးအေးအေးနဲ့ သေချာချက်ပြုတ်ထားတဲ့ဝက်အငံချက်ကို ထမင်းကြော်နဲ့ တွဲဖက်စားသုံးတဲ့ အခါ အရသာက အီနေတာမျိုးမရှိပဲ ရိုးရိုးရှင်းရှင်းနဲ့ စားကောင်းလှပါတယ်။ ရိုးရှင်းတဲ့ဟင်းလျာတစ်ခုဖြစ်ပေမယ့် ဝက်သားကို သေချာသန့်စင်ပြီး အချိန်အဆညီညီ ချက်ပြုတ်တတ်မှသာ အရသာပြည့်စုံတဲ့ ဝက်အငံချက်ဟင်း တစ်ခွက် ဖြစ်စေမှာပါ။
“ချက်တဲ့နေရာမှာတော့ သန့်ရှင်းမှုကို ပထမဦးစားပေးတယ်။ ဝက်သားလတ်ဆတ်မှုကိုဂရုစိုက်တယ်။ ဝက်ရဲ့အူ တွေဘာတွေဆိုအနံပျောက်အောင် သေချာဆေးကြောရတယ်။ ချက်တဲ့ပုံကတော့ရိုးရှင်းပါတယ်။ ဒါပေမယ့် ဝက်အသားက တစ်ချို့အသားကမာတယ်။ တစ်ချို့အသားကပျော့တော့ စားတဲ့အခါမှာအရသာညီဖို့ အဲ့ဒါလေးတွေကို ဂရုစိုက်ရတယ်။ ပြီးတော့ဝက်သား ပြုတ်နေရင်းနဲ့ တတ်လာတဲ့ အဆီအရည်တွေကို ကိုးဆယ် ရာခိုင်နှုန်းလောက် ခပ်ထုပ်လိုက်တော့ ဝက်သားကမအီတော့ပဲ အငံချက်လေးနဲ့ ထမင်းကြော်နဲ့တွဲစားရင် စားကောင်းတာပေါ့လို့ ” ဦးကျော်ကပြောပါတယ်။
ထမင်းကြော်စားဖို့အတွက် ဦးကျော်ဆိုင်ဖွင့်ချိန်ထိ စောင့်ပြီးစားတတ်ကြတဲ့ ဖောက်သည်တွေ
အခုလိုနှစ်ပေါင်း(၂၀)ကျော်တိုင်အောင် ရပ်တည်နိုင်တာကတော့ ဝက်အငံချက်နဲ့ထမင်းကြော်ရဲ့ အရသာကြောင့် အပြင် ဦးကျော်ရဲ့ စားသုံးသူတွေအပေါ်မှာ ဆက်ဆံတဲ့ ရင်းနှီးဖော်ရွေမှုကလည်း အချက်တစ်ချက် အနေနဲ့ပါ၀င်ပါတယ်။ဝက်အငံချက် ထမင်းကြော်စားဖို့အတွက် ဦးကျော်ဆိုင်ဖွင့်ချိန်ထိ စောင့်ပြီးစားတတ်ကြတဲ့ ဖောက်သည် တွေကို ပိုင်ဆိုင်ထားတဲ့ အထိ စားသူတွေရဲ့ချစ်ခင်မှုကိုလည်းရရှိထားသူပါ။ ရောင်းသူနဲ့ဝယ်သူဆို တဲ့ဆက်ဆံရေးထက် ဦးလေးအိမ်မှာထမင်းလာစားတဲ့ မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေတဲ့ ရင်းနှီးဖော်ရွေတဲ့ဆက်ဆံရေးကို ဦးကျော်နဲ့သူ့ဖောက်သည်တွေကြားမှာမြင်တွေ့ရပါတယ်။ “ဟိုးလွန်ခဲ့တဲ့နှစ်၂၀ထဲက အားပေးတဲ့သူတွေကအခုချိန်ထိလာအားပေးနေတုန်းပဲ။ သူတို့ကနေတစ်ဆင့် ဖောက်သည်အသစ်တွေခေါ်လာကြတယ်။ရပ်ဝေးကိုပြောင်းသွားတဲ့သူတွေကလည်း ရန်ကုန်ရောက်ရင်သတိတရ လာစားကြတယ်။ တစ်ချို့ဆို ကျိုက်ထီးရိုးတို့ ချောင်းသာတို့လိုကပြန်လာရင်လည်း အိမ်မပြန်ပဲ ဆိုင်မှာအဖွဲ့ လိုက် ၀င်စားကြတယ်။ဖောက်သည်တွေကချစ်ခင်ကြတဲ့အတွက် ပျော်ရတယ်။ ကိုယ်ကလည်း စားသုံးသူတွေကို အမြဲစေတနာထားတယ်။ လေးလေးစားစားဆက်ဆံတယ်။ စျေးရောင်းတဲ့နေရာမှာလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ရောင်းတယ်။ဗိုက်ဆာရင်ဦးကျော်ကိုသတိရပါဆိုတာ ဦးရဲ့ဆောင်ပုဒ်လေးပါလို့”ဦးကျော်ကဆိုပါတယ်။
ဆိုင်၀င်ငွေနဲ့ မိသားစု ပြည့်ပြည့်စုံစုံရပ်တည်နိုင်
ဒီလုပ်ငန်းနဲ့ပဲ သားသမီး(၃)ယောက်ကို ဘွဲ့ရတဲ့အထိကျောင်းထားပေးနိုင်ခဲ့ပြီး မိသားစု ပြည့်ပြည့်စုံစုံရပ် တည်နိုင်တဲ့အတွက် ဒီလုပ်ငန်းရဲ့အောင်မြင်မှုအတိုင်းအတာကို ကျေနပ်တယ်လို့ ဦးကျော်ကပြောပါတယ်။ လင်မယားနှစ်ယောက် ဒိုးတူဘောင်ဖက် စတင်ခဲ့တဲ့ဆိုင်လေးဟာ လက်ရှိမှာတော့ မိသားစုလုပ်ငန်းလေးအဖြစ် သားသမီးတွေကပါ ကူညီညာကာဝိုင်းဝန်းလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ လုပ်ငန်းချဲ့ထွင်ဖို့ကိုတော့ သားတွေ ကစိတ်အားထက်သန်တဲ့အတွက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး ကိုယ်တိုင်ကတော့ စတင်ခဲ့တဲ့အခုနေရာလေးမှာပဲ ရောင်းလို့ရသလောက်ရောင်းသွားမှာပါလို့ ဦးကျော်ကဆိုပါတယ်။
စျေးနှုန်းနဲ့ဆိုင်လိပ်စာလေးကတော့
ဦးကျော်ရဲ့ ထမင်းကြော်ဆိုင်လေးမှာတော့ ဝက်သားနဲ့ပတ်သက်လို့ ဝက်သား၊ဝက်အူပိတ်၊အူချို၊ အူပွ အပါအ၀င် ကလီစာအစုံနဲ့ ဘဲဥတို့ကို ချက်ထားတဲ့ ဝက်အငံချက်ဟင်းကို ထမင်းကြော် သွားခွားချဥ်၊ကြက်သွန်ချဥ်လေး တွေနဲ့ စားသုံးနိုင်ပါတယ်။ဝက်အငံချက်နဲ့ထမင်းကြော်တစ်ပွဲကိုတော့ (၂၀၀၀)ကျပ်ဖြစ်ပါတယ်။ ဆင်မလိုက် ဦးကျော် ဝက်အငံချက်နဲ့ထမင်းကြော်ဆိုင်လေးရဲ့ ဆိုင်လိပ်စာကတော့ ကမာရွတ်မြို့နယ် ဆင်မလိုက် (၅)ရပ်ကွက် ဆရာစံလမ်းနဲ့အုန်းတောဘုရားလမ်းထောင့်ရှိ ကိုးန၀င်းကပ်ကျော်စေတီနားမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ၄နာရီကနေ ည၈နာရီခွဲထိဖြစ်ကာ ဖုန်းနံပါတ် ၀၉၇၇၇၇၁၁၁၂၀၊ ၀၉၇၇၇၇၁၁၁၄၀၊ ၀၉၇၇၇၇၁၁၁၆၀ ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ဗိုက်ဆာရင်ဦးကျော်ကိုသတိရပါဆိုတဲ့ ဆိုင်ရဲ့ ဆောင်ပုဒ်လေးအတိုင်း မအီပဲစားကောင်းလှတဲ့ဝက်အငံချက်နဲ့ ထမင်းကြော်အရသာကိုမြည်းစမ်းနိုင်ဖို့ညွှန်း ဆိုပေးလိုက်ပါတယ်။