စားဝတ်နေရေးခက်ခဲကျပ်တည်းနေသလို အိမ်လေးကလည်းရောင်းမထွက်လို့ စိတ်ဓာတ်ကျနေပြီလို့ဆိုပါတယ်။

ငွေကြေးကျပ်တည်းခက်ခဲလာမှုတွေကြောင့် မြတ်နိုးတန်ဖိုးထားရတဲ့ အိမ်လေးကိုရောင်းထုတ်ဖို့ ကြေညာထားပေမယ့်လည်း အခုချိန်ထိ ရောင်းမထွက်သေးတဲ့အကြောင်းကို လူရွှင်တော်ဝိုင်းချစ်က Duwun Cele Yatkwat ကို ဖြေကြားလာပါတယ်။ 



Photo-Wine Chit FB

၁၁ နှစ်လောက်နေခဲ့တဲ့ ဒဂုံဆိပ်ကမ်းက အိမ်လေးကို ရောင်းဖို့လွန်ခဲ့တဲ့ ၂ လ လောက်က ဆိုရှယ်မီဒီယာထက်မှာ တင်ရောင်းခဲ့ပေမယ့်လည်းအခုချိန်ထိ ရောင်းမထွက်သေးတဲ့အကြောင်းကို "အိမ်ကတော့ အခုချိန်ထိရောင်းမထွက်သေးပါဘူးဗျာ။ အရောင်းအဝယ်ကြပ်နေတယ်ပေါ့။ အချိန်ကာလအားဖြင့် မနှစ်က သီတင်းကျွတ်မှာ ကျွန်တော် အိမ်ရောင်းမယ်ဆိုပြီး ပို့စ်တင်လိုက်သေးတယ်။ လွန်ခဲ့တဲ့ နှစ်လကလည်း ထပ်တင်လိုက်တယ်။ အခုချိန်ထိရောင်းမထွက်သေးပါဘူး။ မေးတော့မေးကြတယ်။ ဖုန်းတွေလည်း ဆက်မေးကြတယ်။ ဒါပေမယ့် မဝယ်ဖြစ်ကြဘူး" လို့ လူရွှင်တော်ဝိုင်းချစ်က ပြောပြလာပါတယ်။ 

Photo-Wine Chit FB

မိသားစုဝမ်းရေးအတွက် အိမ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားခဲ့ပေမယ့်လည်း တခြားဆိုင်တွေ ဖွင့်တာများလာတာကြောင့် အရင်လိုရောင်းအားမရှိတော့တဲ့အတွက် အိမ်ဆိုင်လေးကိုလည်း ပိတ်သိမ်းခဲ့ရတဲ့အ ကြောင်းကို ပြောပြလာပါတယ်။


 Photo-Wine Chit FB

"စားဝတ်နေရေးကတော့ဒီလိုပဲ ရှာကြံရတာပေါ့ဗျာ။ အိမ်ဆိုင်လေးဖွင့်ထားပေမယ့်လည်း လမ်းထဲမှာ ဆိုင်တွေ များလာတော့ ကိုယ့်ဆိုင်က တစ်ရက်ကို တစ်ထောင်ဖိုးလောက်တောင် မနည်းရောင်းနေရလို့ ဆိုင်ကို ပိတ်လိုက်တာ။ ကျွန်တော်လည်း တော်တော်သိမ်ငယ်သွားတယ်။ အားလည်းငယ်သွားတာပေါ့။ အရင်တုန်းကဆိုရင်တော့ ဆိုင်လေးကအရမ်းရောင်းရတယ်၊ မီးဖိုချောင်စရိတ်ကိုတောင်ကာမိတဲ့အထိပဲ အခုတော့ဆိုင်ကို ပိတ်သိမ်းလိုက်ပါပြီ" ဆိုပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဖြေကြားလာပါတယ်။ 

Photo-Wine Chit FB

ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ကြားမှာလည်း မိသားစုဝင် ၈ ယောက်စာအတွက် ဘယ်လိုရုန်းကန်နေရလဲဆိုတဲ့အ ကြောင်းကိုတော့ 

" အရင်တုန်းကတော့ ကျွန်တော်တို့မနက်စာကို မုန့်ဟင်းခါးကို အကြော်နဲ့စားနိုင်ပေမယ့် အခုတော့ အဲဒီလိုတွေမစားဖြစ်တော့ဘူး၊ ပဲပြုတ်လေးဝယ် ထမင်းဆီဆမ်းပြီး တစ်အိမ်လုံးစားကြတာပေါ့၊ အိမ်မှာက မိသားစုဝင် ၈ ယောက်ရှိတယ်၊ အမျိုးသမီးကလည်း အိမ်ရှင်မတာဝန်ယူထားရတာ၊ သူလည်း တော်တော်ခေါင်းစားတယ်။ မိသားစုဝင်တွေ အာဟာရပြည့်ဝဖို့ စီစဉ်ချက်ရတာ၊ တော်တော်လေးလည်းခက်ခဲလာပါတယ်" လို့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေကြား ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းကို ပြောပြလာပါတယ်။ 

Photo-Wine Chit FB

ဟာသလူရွှင်တော် သရုပ်ဆောင် ဝိုင်းချစ်ကတော့ ခင်ပွန်းကောင်း အိမ်ထောင်ဦးစီးကောင်းတစ်ဦးအဖြစ် ချစ်ဇနီးလေး ၊ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်နဲ့အတူ လောကဓံကို ရင်ဆိုင်ရင်း ဘဝကို အကောင်းမွန်ဆုံး ဖြတ်သန်းဖို့ ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဝိုင်းချစ်ကတော့ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲတဲ့ ရွှေညီကို အငြိမ့်အဖွဲ့ရဲ့ပင်တိုင်စံဟာသလူရွှင်တော် တစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲမှာနှစ်ပေါင်းများစွာ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ ရွှေညီကို လူရွှင်တော်အဖွဲ့ကွဲသွားတာကြောင့် သီးခြားစီ ရပ်တည်လျှက်ရှိတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က