ကာတာကမ္ဘာ့ဖလားပွဲကတော့ မကြာခင်မှာပဲ စတင်တော့မှာဖြစ်ပါတယ်။ ဒီတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားချက်တွေရှိနေပြီးတော့ ရာသီဥတုပူပြင်းတဲ့ ကာတာမှာ ကျင်းပမယ်ဆိုကတည်းက ဝေဖန်သံတွေထွက်လာခဲ့တာပါ။ ကာတာရဲ့ နွေရာသီအပူချိန်ဟာ ၅၀ ဒီဂရီဆဲစီးယပ်စ်အထိရှိပြီး ဆောင်းရာသီမှာတောင်မှ အပူချိန်က တအားပြင်းတာပါ။ ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေကို ကြည့်လိုက်ရအောင်။
ကုန်ကျစရိတ်အများဆုံး ကမ္ဘာ့ဖလား
ကာတာဟာ ဒီပြိုင်ပွဲအတွက် လိုအပ်တဲ့ ကွင်း၊ အဆောက်အဦတွေတည်ဆောက်မှုအတွက် ပေါင် ၁၃၈ ဘီလျံအထိ သုံးစွဲခဲ့ရပါတယ်။ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ပေါင် ၁၁.၆ ဘီလျံ၊ ရုရှားကမ္ဘာ့ဖလားမှာ ပေါင် ၁၄.၂ ဘီလျံသာ ကုန်ကျခဲ့လို့ ကာတာက ၁၀ ဆအထိ ပိုမိုသုံးစွဲထားခဲ့ရတာပါ။ ကွင်းသစ်ကြီး ၇ ကွင်းအထိ ဆောက်လုပ်ခဲ့ရပြီးတော့ တေောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲထက် ၆၄ ဆလောက် ပိုမိုသုံးစွဲထားတာပါ။
ကွင်းအနည်းဆုံးအရေအတွက်
စုစုပေါင်း ကွင်း ၈ ကွင်းမှာ ကျင်းပမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာ အရေအတွက်အနည်းဆုံးဖြစ်လာခဲ့တာပါ။ ကွင်း၇ ကွင်းကတော့ လုံး၀အသစ်ဖြစ်ပြီး သူတို့မှာရှိတဲ့ တခုတည်းသောကွင်းကိုတော့ အကြီးအကျယ်ပြုပြင်မွမ်းမံခဲ့ပါတယ်။ အဆိုပါကွင်းတွေကတော့ -
Al Bayt Stadium
Khalifa International Stadium
Al Thumama Stadium
Ahmad Bin Ali Stadium
Lusail Stadium - ပရိသတ် ၈ သောင်းအထိ ဝင်ဆန့်ပြီး အကြီးမားဆုံးကွင်းဖြစ်ပါတယ်။
Stadium 974
Education City Stadium
Al Janoub Stadium
ပရိသတ်အများဆုံးလာရောက်နိုင်တဲ့ ကမ္ဘာ့ဖလား
အာရပ်ကျွန်းဆွယ်မှာတည်ရှိပြီး ခရီးသွားအချက်ချာဖြစ်တဲ့ ပထဝီဝင်နယ်မြေအများစုရဲ့ ဗဟိုချက်မှာ ရှိတဲ့ ကာတာကို ကြည့်ရှုသူပေါင်း ၁ သန်းကျော်လာရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ နေ့စဉ် လေယာဉ်ခရီးစဉ်ပေါင်း ၁၃၀၀ အထိ ရှိမယ်လို့လည်း ခန့်မှန်းထားပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ပရိသတ်အများဆုံးလာရောက်မယ့် ပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းက ပထမဆုံးကမ္ဘာ့ဖလား
အရှေ့အလယ်ပိုင်းဒေသမှာ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး ကာတာက ဒီမှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။
အသေးငယ်ဆုံးအိမ်ရှင်
လူဦးရေ ၂.၈ သန်းကျော်သာရှိတဲ့ ကာတာရဲ့ အကျယ်အဝန်းဟာ ၁၁၅၇၁ စတုရန်းမီတာသာ ကျယ်ဝန်းပါတယ်။ နယူးယော့ခ်မြို့ထက်တောင်မှ သေးငယ်ပြီး ပြိုင်ပွဲသမိုင်းမှာ အသေးငယ်ဆုံးအိမ်ရှင်နိုင်ငံဖြစ်လာပါတယ်။ အရင်ကတော့ ဒီမှတ်တမ်းကို ဥရုဂွေးက ပိုင်ဆိုင်ထားတာပါ။
လေအေးပေးစက်စနစ်တွေတပ်ဆင်ထားတဲ့ ကွင်းများ
ကွင်းအားလုံးမှာတော့ လေအေးပေးစက်တွေတပ်ဆင်ထားပြီး အပူချိန်လျော့ကျအောင် စီမံထားပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ကာလက ဆောင်းရာသီဆိုပေမယ့်လည်း ကာတာရဲ့ ရာသီဥတုကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေ အခက်တွေ့မှာဖြစ်လို့ အခုလိုဖန်တီးထားရတာပါ။ ကွင်းတကွင်းချင်းစီမှာ ပွဲတပွဲအတွက် အအေးဓာတ်ရရှိဖို့ အနည်းဆုံး 115MWh လိုအပ်ပပြီး လေအေးပေးစက်ပေါင်း ၄၃၅၆၀ စီ တပ်ဆင်ထားပါတယ်။