ဒီဆိုင်လေးကတော့လူငယ်စားသုံးသူတွေအကြိုက်တွေ့နေတဲ့ဆိုင်လေးပါ။

ကိုရီးယားနဲ့ ထိုင်းတို့မှာ မြင်တွေ့ရတတ်တဲ့ ခေါက်ဆွဲကို ကိုယ်ကြိုက်တဲ့ပုံစံ၊ ကိုယ်ကြိုက်တဲ့အရသာလေးနဲ့ ပြုတ်စားလို့ရတဲ့ Self Service Automatic Ramen Machine Shop ဆိုင်လေးကိုတော့ အခုဆို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်လိုက်ပါပြီဖြစ်ပါတယ်။



ခေတ်လူငယ်တွေအကြားရေပန်းစားနေတဲ့ “ Noodle Me You ”

ဒီဆိုင်လေးနာမည်ကတော့ “ Noodle Me You “ လို့ခေါ်ပြီး ခေါက်ဆွဲချစ်သူတွေနဲ့ လူငယ်တွေအကြား နာမည်ကြီးရေပန်းစားနေတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်။ ဖွင့်ထားတာ တစ်လကျော်ရှိသေးပေမယ့်လည်း ခေါက်ဆွဲကို ကိုယ်ကြိုက်တဲ့ပုံစံမျိုးနဲ့ ပြုတ်စားလို့ရတဲ့ မြန်မာ့ပထမဆုံး Self Service Automatic Ramen Machine Shopဆိုင်လေးဖြစ်တာကြောင့် လူငယ်တွေအကြားစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဆိုင်လေးပါ။

ကိုရီးယားတို့ ဘာတို့မှာဆို ဒီလိုဆိုင်တွေက အများကြီးဖြစ်နေပြီ။ ရန်ကုန်မှာလည်း ဒီလိုမျိုးဆိုင်လေးတွေ ဖြစ်စေချင်တယ်။ ခေါက်ဆွဲပြုတ်စားတာကို Heavy လို့မခံစားရစေချင်ဘူး။ ဆိုင်တွေမှာစားရင်  စောင့်ရမယ် ဘာညာမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်ဘာသာကို ကိုယ်ကြိုက်တဲ့ပုံစံမျိုးလေးနဲ့ ပြုတ်စားလို့ရအောင် ဒီဆိုင်လေးကို ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။” လို့ ဆိုင်ရှင် ကိုမြတ်စိုးမိုးက ပြောပါတယ်။

ဒီဆိုင်လေးကိုသွားရင် ဘာတွေလုပ်ရမှာလဲ

ဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ ခြင်းတောင်းလေးကို ယူ ၊ ကိုယ်ကြိုက်တဲ့ ခေါက်ဆွဲလေးကိုရွေး ၊ ကိုယ်ကြိုက်နှစ်သက်ရာ အရွက်၊ အသားမျိုးစုံကို ကိုယ့်ဘာသာကိုယ်ရွေးပြီး ကိုယ်တိုက်ပြုတ်စားရတဲ့ဆိုင်လေးဖြစ်ပါတယ်။  ခေါက်ဆွဲချစ်သူလေးတွေအနေနဲ့ ကိုရီးယားဒရမ်မာတွေထဲ ရောက်သွားသလို ခံစားရစေမှာဖြစ်ပါတယ်။

“ ဆိုင်ထဲကိုစဝင်လာတာနဲ့ စင်ပေါ်မှာတင်ထားတဲ့  ခေါက်ဆွဲပြုတ်တွေ အများကြီးရှိတယ်။ခြင်းလေးယူပြီး ရွေးကြမယ်။ ရွေးပြီးရင် အသားတွေ လည်းထားပေးထားတယ်။ ကိုယ်ကြိုက်တဲ့အသားတွေ၊ အရွက်တွေကို ရွေးမယ်။ ပြီးရင်ကောင်တာမှာ အရင်ဆုံးပိုက်ဆံရှင်းမယ်။ ပြီးရင် ရေနွေး ထည့်ပေးထားတဲ့ စက် ၃ လုံးရှိတယ်။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ပုံစံမျိုး ကိုယ်က ခေါက်ဆွဲကို အပျော့ကြိုက်တာလား၊ အမာကြိုက်တာလား စသဖြင့်ပေါ့နော်။ ကိုယ့်အကြိုက် ပြုတ်စားလို့ရအောင်ပေါ့။ တကယ်လို့ စက်တွေသုံးရတာ အခက်အခဲရှိတယ်ဆိုရင်လည်း ဘေးက ဝန်ထမ်းတွေက ကူညီပေးပါတယ်” လို့ ဆိုပါတယ်။

ခေါက်ဆွဲအမျိုးအစားပေါင်း (၁၀၀) နီးပါးကို ရွေးချယ်ခွင့်ရမယ့် “ Noodle Me You ”

ဒီဆိုင်လေးမှာ ကိုရီးယား၊ဂျပန်၊ ယိုးဒယားစတဲ့နိုင်ငံထုတ် ခေါက်ဆွဲအမျိုးအစားပေါင်း ၁၀၀ နီးပါးရှိပြီး ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်စားသုံးလို့ရပါတယ်။ အသားတွေကတော့ ဝက်သားလုံး၊ အမဲသားလုံး၊ ကြက်မဲ၊ ကြက်ဆင် စတဲ့ အသားမျိုးစုံနဲ့ အရွက်မျိုးစုံကို ရွေးချယ်စားသုံးနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ခေါက်ဆွဲတစ်ထုပ်ကို ၁၄၀၀ ကျပ်ကနေ ၅၀၀၀ ကျော်အထိရှိပြီး အသားလုံးတွေကတော့ တစ်ထုပ်ကို ၃၅၀ ကျပ်ကနေ ကျပ်တစ်ထောင် ကျော်ထိရှိတယ်လို့ဆိုပါတယ်။

“ ကျွန်တော်တို့ခေါက်ဆွဲက ပြည်ပကနေ တင်သွင်းတော့ ဈေးကတော့ နည်းနည်းမြင့်တယ်ပေါ့နော်။ တံဆိပ်လေးမျိုးကို အဓိကတင်သွင်းတယ်။ ခေါက်ဆွဲကတစ်နေ့တစ်နေ့ တော်တော်ကုန်တယ်။ ဒီလိုမျိုး ကိုယ်တိုင်ပြုတ်စားတဲ့အခါမှာ ကိုယ်စားချင်တဲ့အရသာကို ကိုယ့်ဘာသာဖန်တီးရတာလည်း အနုပညာတစ်ခုပါပဲ။ အဲဒီအရသာကို စားသုံးသူတွေကိုပေးချင်တာလည်းပါပါတယ်” လို့ စီစဉ်သူ ကိုမြတ်စိုးမိုးက ဆိုပါတယ်။

“ Noodle Me You ” သွားချင်တယ်ဆိုရင်

ဒီဆိုင်လေးကတော့ အမှတ် ၈၀၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ် မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၀ နာရီထိ ဖွင့်လှစ်ထားတာပါ။ ဒါကြောင့်မို့ နေ့လယ်ခင်း ထမင်းစားချိန်နဲ့ ညနေခင်းရုံးဆင်းချိန်တွေမှာဆို လူပိုစည်ကားတတ်တာတွေ့ရပါတယ်။ ကိုယ့်ကိုကိုယ် ကိုရီးယားဒရမ်မာတွေထဲကလို ရောက်သွားသလို ခံစားရချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို တစ်ခါလောက်တော့ သွားကြည့်ကြဖို့ ညွှန်းပေးလိုက်တယ်နော်။ 

Share

Loading Next Article...
က္က