ဆန်ပြုတ်ကြိုက်သူတွေအတွက် အရသာလည်းရှိ အာဟာရနဲ့လည်းပြည့်စုံတဲ့အပြင် တစ်ပွဲကို (၁,၀၀၀) ကျပ်သာပေးရတဲ့ မြောက်ဒဂုံမြို့နယ်အတွင်းက လမ်းဘေးလှည်းဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆိုင်လေးက လမ်းဘေးမှာဖွင့်ထားတဲ့လှည်းဆိုင်လေး ဆိုပေမယ့် စားဖိုမှုးတွေကိုယ်တိုင် ချက်ပြုတ်ရောင်းတာကြောင့် အစားအသောက်တွေက တကယ်ကို အကြိုက်တွေ့စေမှာပါ။
ကိုရီးယား၊ဂျပန် တို့မှာစားတဲ့ပုံစံမျိုးချက်ပြုတ်ထားတဲ့ ရသာစုံဆန်ပြုတ်
ဆန်ပြုတ်ကို အများအားဖြင့် အဖြူထည်ပဲ စားကြတာများတာကြောင့် လူတိုင်းသိပ်အကြိုက်မတွေ့ကြပါဘူး။ ဒီဆိုင်လေးမှာရောင်းတဲ့ ရသာစုံဆန်ပြုတ်ကတော့ ဆန်ပြုတ်ကို အဖြူထည်မဟုတ်ဘဲ အရသာစုံအောင် အသီးအရွက်၊ ကြက်ဥ၊ အသားလုံးလေးတွေနဲ့ ရောနှောချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဆန်ပြုတ်နဲ့ အတူ တွဲဖက်စားသုံးဖို့ အရံဟင်းတွေအနေနဲ့ ငါးနီတူခြောက်ကြော်၊ ပဲပင်ပေါက်အချိုလေး ပြုလုပ်ထားတာကလည်း စားသုံးသူတွေအတွက် အကြိုက်တွေ့စရာပါ။ သာမန်လူတွေသာမကဘဲ နလန်ထစလူနာတွေ ခံတွင်းလိုက်အောင် စားနိုင်သလို အစာအိမ်ရောဂါရှိသူတွေလည်း အရသာရှိရှိစားနိုင်တဲ့ ဆန်ပြုတ်မျိုးပါ။
“ ဆန်ပြုတ်ထဲမှာ အသီးအရွက်လေးလည်းပါအောင် မုန်လာဥ၊ဖရုံသီးလေးတွေပါထည့်ထားတယ်။ လူမမာနဲ့လည်း တည့်အောင်၊ အစာအိမ်သမားတွေလည်း သောက်လို့ရအောင် အစာလည်းကြေအောင် သေချာနူးအောင်ချက်ပြုတ်ထားပါတယ်။ ကြက်ဥကိုပါးပါးလေးလှီးပြီးထည့်တယ်။ ဂျပန်တို့၊ ကိုရီးယားတို့မှာ စားတဲ့ စတိုင်လ်မျိုးကို ကျွန်တော်တို့ မြန်မာပါးစပ်နဲ့ ကြိုက်အောင်လုပ်ထားတာပါ။ အချဉ်ကြိုက်တဲ့သူဆိုလည်း ချဉ်စပ်လေးဖြစ်အောင်လုပ်ပေးပါတယ်” လို့ ရောင်းချသူကဆိုပါတယ်။
မလေးရှားနဲ့ စင်ကာပူစတိုင် နံရိုးပေါင်းလည်းရပြန်
ဒီဆိုင်လေးမှာ ဆန်ပြုတ်အပြင် နူးအိနေအောင် ပေါင်းပြီး ချက်ထားတဲ့ နံရိုးပေါင်းလည်း ရနိုင်ပါတယ်။ နံရိုးပေါင်းကို စင်ကာပူနဲ့ မလေးရှားတို့မှာ စားနေကျဖြစ်တဲ့ ဘာဂုတေး (Bak Kut Teh)လို့ခေါ်တဲ့ အရသာမျိုးလေးဖြစ်အောင် ချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။ ဝက်နံရိုးကို ကင်ပြီး ပြန်ပေါင်းကာ မုန်ညင်းနဲ့ ပြန်ထုတ်ထားတဲ့ ဝက်နံရိုးပေါင်းကလည်း ဒီဆိုင်လေးရဲ့ အမှတ်အသားတစ်ခုပါ။
“ နံရိုးပေါင်းမှာ ဝက်သားမှာပါတဲ့ အရည်ရဲ့ အရသာကို အာဟာရဖြစ်အောင် လုပ်ထားတယ်။ အဲ့ဒီအရည်ကို စင်ကာပူတို့ မလေးရှားတို့မှာ စားနေကျဖြစ်တဲ့ ဘာဂုတေး (Bak Kut Teh) လေးလိုမျိုးဖြစ်အောင် လုပ်ထားတာပါ။ ဘာဂုဆိုတာကတော့ မလေးရှားလိုဆိုရင်တော့ အရမ်းကောင်းတဲ့အရသာလို့ ခေါ်ပါတယ်။ ’’ လို့ ဆိုပါတယ်။
လှည်းလေးနဲ့ရောင်းတာဆိုပေမယ့် ဟိုတယ်ကစားဖိုမှုးတွေလက်ရာကို စားရမယ့် ဆိုင်လေး
ဆန်ပြုတ်နဲ့ နံရိုးပေါင်းကို ထူးထူးဆန်းဆန်းပုံစံလေးနဲ့ချက်ပြုတ်ပြီးရောင်းချသူတွေက သာမန်ချက်တတ်ပြုတ်တက်ရုံနဲ့ အခုလိုရောင်းတာမဟုတ်ပါဘူး။ ဟိုတယ်၊ စားသောက်ဆိုင် နယ်ပယ်မှာ ဆယ်နှစ်ခန့်အတွေ့အကြုံရှိကြသူတွေဖြစ်ပြီး ကိုဗစ်ကာလမှာ အဆင်မပြေလို့ အလုပ်ထွက်ရာကနေ အခုလို ကိုယ်ပိုင်ဆိုင်လေးနဲ့ ကိုယ်တိုင်ချက်ပြုတ်ရောင်းချကြတာဖြစ်ပါတယ်။
“ ဆိုင်ဖွင့်တာက အခုမှ ရက် (၂၀) လောက်ပဲ ရှိသေးတယ်။ ဆိုင်ပုံစံလေးက တွန်းလှည်းလေးနဲ့ ဆိုပေမယ့် တစ်နေရာတည်းမှာပဲ အထိုင်ချပြီးရောင်းတာပါ။ ဆန်ပြုတ်နဲ့ နံရိုးပေါင်း အဓိက ရပါတယ်။နောက်ထပ်မီနူးတွေ ထပ်တိုးဖို့ရှိပါတယ်။ နံရိုးပေါင်းခေါက်ဆွဲ၊ ဖက်ထုပ်နဲ့ ထမင်းကြော် ရောင်းဖို့လည်းရှိပါတယ်” လို့ ရောင်းချသူက ဆိုပါတယ်။
စားသုံးသူတွေရဲ့ အားပေးမှု
စားသုံးသူတွေက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အရသာတွေကို ရန်ကုန်မှာ မရှိသလောက်လို့ ပြောလို့ရမယ့် ပုံစံလေးလုပ်ထားပေမယ့်လည်း ကြိုက်တဲ့သူရှိသလို ၊ အရသာပေါ့လို့ ခံတွင်းမတွေ့သူတွေလည်း ရှိကြပါတယ်။
“ တော်တော်များများက အရသာကို လေးတာ စားတော့ တစ်ချို့က သိပ်မကြိုက်ကြပါဘူးး။ ကျွန်တော်ကတော့ သွေးတိုးသမားတွေလည်း စားလို့ရအောင် ခပ်ပေါ့ပေါ့လေးပဲ ချက်ပါတယ်။ အငံကြိုက်ရင်တော့ ဆားလေးခပ်စားပေါ့။ တော်တော်များများကတော့ ကောင်းတယ်လို့ ပြောတာ ကြားရပါတယ်။ အွန်လိုင်းမှာ နာမည်ကြီးနေတယ်ဆိုပြီး တစ်ယောက်ကိုတစ်ယောက် လက်တို့ပြီး လာဝယ်ကြပါတယ်။ ’’ လို့ ဆိုပါတယ်။
မြို့နယ် (၁၀) မြို့နယ်မှာ ရသာစုံဆန်ပြုတ်၊နံရိုးပေါင်း လှည်းဆိုင်လေးဖွင့်ချင်တဲ့ ဆန္ဒ
ဆိုင်ဖွင့်ထားတာ တစ်လတောင်မပြည့်သေးပေမယ့်လည်း စားသုံးသူတွေရဲ့ အားပေးမှုကြောင့် ရုံးပိတ်ရက်တွေမှာ ပိုပြီး ရောင်းအားကောင်းတယ်လို့ဆိုပါတယ်။ စားသုံးသူတွေကို အရသာရှိရှိနဲ့ အာဟာရပြည့်ပြည့်ဝဝ စားစေချင်တာကြောင့် လူစည်ကားတဲ့ မြို့နယ် (၁၀) ခုလောက်မှာ ဒီလိုလှည်းဆိုင်လေးတစ်ဆိုင်စီ ဖွင့်လှစ်သွားချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။
ရသာစုံဆန်ပြုတ်၊နံရိုးပေါင်း အားပေးချင်တယ်ဆိုရင်တော့
မြောက်ဒဂုံမြို့နယ်၊ (၃၆)ရပ်ကွက်၊ မန္တလေးလမ်းမပေါ် ၊ မီးပွိုင့်အနီးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၃) နာရီကနေ ည (၈) နာရီအထိပါ။ မြောက်ဒဂုံမြို့နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တွင်းနေထိုင်သူတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ခ (၁,၀၀၀)၊ (၁,၅၀၀) ကျပ်နဲ့ ပို့ဆောင်ပေးနေပြီး ဖုန်းဆက်မှာယူလိုပါက ဖုန်းနံပါတ် ၀၉-၉၈၃၄၃၂၀၉၈၊ ၀၉-၉၄၁၃၄၃၆၄၀ တို့ဖြစ်ပါတယ်။ လက်ရှိဆိုင်မှာရနိုင်တာကတော့ ဆန်ပြုတ် တစ်ပွဲကို (၁,၀၀၀)၊ အသားနဲ့ဆို (၁,၅၀၀)၊ နံရိုးပေါင်းတစ်ပွဲကို (၂,၀၀၀) နဲ့ နံရိုးပေါင်းဆန်ပြုတ်တစ်ပွဲကို (၃,၀၀၀) ကျပ်ဖြစ်ပါတယ်။