ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်တွေဟာ အာဆင်နယ်နောက်ခံလူဘန်၀ှိုက်ကို လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။ ဒါဟာ ပထမအကျော့က သူတို့အသင်းကစားသမား မီနာမီနိုကို လှောင်ပြောင်ခဲ့တဲ့ ဘန်၀ှိုက်ကို ပြန်လက်စားချေခဲ့ကြတာဖြစ်ပြီး အာဆင်နယ်နောက်ခံလူအတွက်တော့ ခေါင်းမဖော်နိုင်စရာဖြစ်ခဲ့ရပါတယ်။
လီဗာပူးလ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျိုတာတဦးတည်းက အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တို့ ဂိုးသွင်းခဲ့ချိန်မှာ ဘန်၀ှိုက်တယောက် ခံစစ်ပိုင်းမှာ အလဲလဲအပြိုပြိုဖြစ်နေခဲ့ရပြီး ပွဲအပြီးမှာလည်း အသင်းရှုံးပွဲကြောင့် မျက်နှာငယ်လေးနဲ့ ဖြစ်နေခဲ့ပုံက လီဗာပူးလ်ပရိသတ်တွေအတွက် အားရကျေနပ်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။
ပထမအကျော့မှာ မီနာမီနိုက အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် ဘန်၀ှိုက်က ပြိုင်ဘက်ကစားသမားရဲ့ အလွဲကို လှောင်ပြောင်နေတဲ့ မျက်နှာထားမျိုးပြသခဲ့ပါတယ်။ တော်တော်လေးသိသာထင်ရှားခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီး အခွင့်ကြုံလာချိန်မှာတော့ လီဗာပူးလ်ပရိသတ်တွေက ပြန်ထိုးနှက်ခဲ့ရာမှာ "အခုပြုံးဦးလေ ဘန်၀ှိုက်" လို့ တွစ်တာပေါ်မှာ ပရိသတ်တဦးက ရေးသားခဲ့ပါတယ်။
မီနာမီနိုကိုလှောင်ပြောင်နေတဲ့ဓာတ်ပုံနဲ့ မနေ့ညကပွဲမှာ ဘောလုံးဂိုးထဲဝင်သွားတာကို လိုက်ကြည့်နေတဲ့ဓာတ်ပုံကို ယှဉ်တွဲဖော်ပြမှုတွေလည်းပြုလုပ်ခဲ့ကာ "တယောက်ယောက်က ဘန်၀ှိုက်အခြေအနေကို ကြည့်ပေးကြပါဦး" လို့လည်း ရေးသားခဲ့ကြပါတယ်။ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘန်၀ှိုက်ဟာ အသင်းခံစစ်ပိုင်းမှာ အဓိကကစားသမားအဖြစ်ပါဝင်ခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။
အခုအခါမှာတော့ သူ့ရဲ့ ပထမအကျော့က မျက်နှာအမူအယာအတွက် ဘန်၀ှိုက်တယောက် ပြန်ပေးဆပ်နေရပြီဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ လေမုန်တိုင်းအောက်မှာ ပြားပြားဝပ်နေရပြီဖြစ်ပါတယ်။