အခုတော့ တိုနေးတစ်ယောက် ပွဲပယ်ခံလိုက်ရပါပြီ။

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ လောင်းကစားကိစ္စပြဿနာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ (၈) လ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ အင်္ဂလန်လူမျိုး တိုက်စစ်မှူး လောင်းကစားလုပ်ခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။



ဒီနေရာမှာ စိတ်ဝင်စားစရာတစ်ချက်ရှိနေခဲ့ပါတယ်။ ဒါကတော့ တိုနေးအနေနဲ့ တစ်ချိန်က သူ့ရဲ့ မိခင်ကလပ်အသင်း နယူးကာဆယ် (၁၃) ပွဲ ရှုံးမယ်လို့ လောင်းကြေးထပ်ခဲ့ပြီး ဒီလောင်းကြေးတွေအပါအဝင် တိုနေး ပြုလုပ်ခဲ့တဲ့ လောင်းကစားမှုက (၂၃၂) မှုအထိ ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တိုနေးဟာ လက်ရှိမှာ ဘရန့်ဖို့ဒ်အတွက် အဓိကတိုက်စစ်မှူးဖြစ်ပြီး ဒီလိုမျိုး ပြဿနာဖြစ်ခဲ့တာက သူ့အတွက်ရော၊ အသင်းအတွက်ပါ နစ်နာစရာပါ။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်အရ တိုနေးဟာ (၂၀၁၇) ခုနှစ်၊ သြဂုတ်လကနေ (၂၀၁၈) ခုနှစ်၊ မတ်လအတွင်း သူလက်ရှိကစားနေတဲ့အသင်းအနေနဲ့ (၁၃) ကြိမ် ရှုံးနိမ့်မယ်လို့ လောင်းကြေးထပ်ခဲ့ကြောင်း၊ အဲ့ဒီအထဲက (၁၁) ကြိမ်က သူ့ရဲ့မိခင်ကလပ်ဖြစ်တဲ့ နယူးကာဆယ်ရှုံးမယ်လို့ လောင်းကြေးထပ်ခဲ့တာ ဖြစ်ကြောင်း၊ သူ ဒီလို လောင်းကြေးထပ်ခဲ့ချိန်မှာ တိုနေးက ဝီဂန်ကို အငှားနဲ့ သွားရောက်ကစားနေကြောင်း သိရှိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ သူငယ်ချင်းဖြစ်သူကိုလည်း (၂၀၁၈) ခုနှစ်၊ မတ်လအတွင်း အသင်းရဲ့ နောက်လာမယ့်ပွဲတစ်ပွဲ ကစားခွင့်ရမယ့်အကြောင်း အသိပေးခဲ့ပါတယ်။ တိုနေးဟာ အခြားလူပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေကို အသုံးပြုပြီးတော့လည်း လောင်းကစားတွေ ပြုလုပ်ခဲ့ကြောင်း၊ အက်ဖ်အေရဲ့ သံသယဝင်ခြင်းကို ခံရချိန်မှာ အခြားသော ဖုန်းတစ်လုံးနဲ့ လောင်းကစားပြုလုပ်ခဲ့တာကိုပါ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုနေးဟာ လောင်းကစားနဲ့ပတ်သက်လို့ ဝါသနာထုံသူတစ်ယောက်ဖြစ်ပြီး ဘောလုံးပွဲတွေအပြင် အခြားသော အားကစားနည်းတွေ၊ Casino ဂိမ်းတွေကိုလည်း လောင်းကစားလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီလိုမျိုး အက်ဖ်အေရဲ့ ထုတ်ပြန်ချက်တွေအပေါ် တိုနေးက မကြာခင်မှာ မဖုံးမကွယ်ဘဲ အရာအားလုံးကို ဖွင့်ဟမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က