ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ဒီနေ့ည ကစားမယ့် အာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာ ပြိုင်ဘက်အသင်းကို ချီးကျူးရင်း ကိုယ့်အသင်းကိုယ် ပြန်လည်ဝေဖန်သွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။
လမ်းပတ်လက်ထက် ချဲလ်ဆီးဟာ နိုင်ပွဲမရှိသေးဘဲ ပွဲတိုင်းရုန်းကန်နေရပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၁၂) နေရာအထိ ရောက်ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း လမ်းပတ်ကို ထုတ်ပယ်ပြီး အမြဲတမ်းနည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ပေးဖို့ ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
အခု အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ လမ်းပတ်နဲ့ ချဲလ်ဆီးပရိသတ်တွေအကြား ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောရမှာပါ။ လမ်းပတ်က “အသင်းနှစ်သင်းကို နှိုင်းယှဥ်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျားတို့ ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်ဖို့အတွက်က ရှည်လျားတဲ့ ခရီးတစ်ခုကို ဖြတ်ရမှာပါ”
“အာတီတာရဲ့ အစောပိုင်း အသင်းနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ရတာကို မှတ်မိပါသေးတယ်။ အခုတော့ သူတို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ ပုံစံတစ်ခုကို ခင်ဗျားတို့ မြင်တွေ့နေရပါပြီ။ ဒီရာသီတစ်ခုတည်းကိုပဲ ကွက်ပြီး ပြောမယ်ဆိုရင် ခင်ဗျားတို့ ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေကို ပြန်သွားရပါလိမ့်မယ်”
“နည်းပြတစ်ယောက်က မေးခွန်းတွေ အကြိမ်ပေါင်းများစွာ အထုတ်ခံရတာကို ကျွန်တော် မြင်ခဲ့ဖူးပြီး သူ့ရဲ့ လုပ်ငန်းစဥ်တစ်ခုက (၂) နှစ် ဒါမှမဟုတ် (၃) နှစ်လောက် ကြာနိုင်ပါတယ်။ အခြားအသင်းတစ်သင်းကတော့ နည်းပြတွေကိုပဲ နှစ်ခါ၊ သုံးခါလောက် အပြောင်းအလဲလုပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဒီရာသီမှာတင် တူဟယ်လ်၊ ပေါ်တာကို ထုတ်ပယ်ခဲ့ပြီးဖြစ်ပြီး အခုနောက်ဆုံးမှာတော့ လမ်းပတ်က ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အာတီတာကို စစချင်း နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တုန်းက ရလဒ်ဆိုးတွေနဲ့ ဝေဖန်ခံခဲ့ရပေမယ့် စိတ်ရှည်သည်းခံခဲ့ပြီး ဒီနေရာအထိ ရောက်ရှိလာခဲ့တာပါ။
ချဲလ်ဆီးကတော့ အခု ဘိုလေလက်ထက်မှမဟုတ်ဘဲ ယခင်ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်ကတည်းက နည်းပြတွေကို ထုတ်ပယ်တဲ့နေရာမှာ နာမည်ကြီးခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ထိပ်တန်းနည်းပြတွေကိုတောင်မှ အချိန်မပေးဘဲ မကြာခဏ ထုတ်ပယ်ခဲ့လေ့ရှိတာလည်းဖြစ်ပါတယ်။