ရီးရဲလ်-ဗလင်စီယာပွဲစဉ်မှာ ပင်နယ်တီပေးခဲ့တဲ့အပေါ် ဝင်ပြောခဲ့တာပါ။

ဗလင်စီယာနဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ပင်နယ်တီရရှိခဲ့မှုနဲ့ပတ်သက်ပြီး ဗလင်စီယာက သူတို့ရဲ့တွစ်တာပေါ်မှာ​ ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၁ မိနစ်မှာ ကွင်းလယ်လူဟာနန်ဒက်ဇ်က ကက်စ်မဲရိုးပြစ်ဒဏ်ကျူးလွန်ခံရတယ်ဆိုပြီး ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ အနှေးပြကွက်တွေအရ ဗလင်စီယာရဲ့ ဖျက်ထုတ်မှုဟာ မဆိုစလောက်လေးသာ ထိခိုက်မိခဲ့တာဖြစ်ပြီး ပင်နယ်တီမပေးလည်း ရတဲ့အနေအထားဖြစ်ခဲ့တာပါ။ 

အဆိုပါပင်နယ်တီကိုတော့ ဘန်ဇီမာက ကန်သွင်းယူပြီး ရီးရဲလ်အတွက် ၃၀၀ မြောက်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဗလင်စီယာကတော့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ဟာနန်ဒက်ဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့တွေ့ဆုံတိုင်းမှာ အခုလိုမျိုး မျက်နှာသာပေးမှုတွေက မကြာခဏဆိုသလိုဖြစ်နေပြီလို့ ရေးသားသွားခဲ့ပါတယ်။ 

ဗလင်စီယာရဲ့ ရေးသားမှုအောက်မှာ ဘာစီလိုနာနောက်ခံလူပီကေးကလည်း ဝင်ရောက်ပြီး အချွန်နဲ့ မ သွားခဲ့ပါတယ်။ ပီကေးက "အဲဒါကို အကျယ်ကြီးသွားမပြောနဲ့ဦး၊ မင်းတို့ကို ဒဏ်ခတ်ပိတ်ဆို့နေဦးမယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ မဟာပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲရပြီး ဒီရာသီမှာ အခြေအနေကောင်းမွန်နေတဲ့အပေါ် ပီကေးက မနှစ်မြို့ဟန်ရှိနေပြီး အခွင့်ကြုံတုန်း ဝင်နှပ်ခဲ့တာဖြစ်ပါတယ်။ 

ပီကေးဟာ အရင်တုန်းကလည်း လာလီဂါဒိုင်တွေက ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးမှုတွေရှိတယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ဖူးပါတယ်။ ရီးရဲလ်ကတော့ လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ဒီရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေကာ ဗင်နီရှပ်နဲ့ ဘန်ဇီမာတိုက်စစ်အတွဲအဖက် ခြေစွမ်းပြနေမှုက အခြားပြိုင်ဘက်တွေထက် ခေါင်းတလုံးသာစေခဲ့တာလည်းဖြစ်ပါတယ်။ 


Share

က္က