မျိုးဆက်သစ် iPhone တွေအတွက် ကိုယ်ပိုင် 5G Modem ထုတ်လုပ်မယ့် Apple ရဲ့ စိတ်ကူးမှာ ပြဿနာတချို့ ရှိနေပါတယ်။
၂၀၁၉ ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာ Apple ဟာ Intel ရဲ့ Modem စီးပွားရေးလုပ်ငန်းကို ဒေါ်လာ ၁ ဘီလျံပေး ဝယ်ပြီး စမတ်ဖုန်း modem အတွက် ကိုယ်ပိုင် in-house ထုတ်လုပ်ဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ တစ်ဦးတည်းသော 5G Chip Supplier ကြီး ဖြစ်တဲ့ Qualcomm ကို လက်တွဲဖြုတ်ပြီး ကိုယ့်ခြေထောက်နဲ့ကိုယ် ရပ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်ဆံရေး ခါးသီးကြမ်းရှမှုတွေ နဲ့ ပတ်သက်နေရတဲ့ Apple နဲ့ Qualcomm တို့အကြား ဆက်ဆံရေးဖြတ်တောက်နိုင်ဖို့ Intel Modem စီးပွားရေးက နည်းလမ်းတစ်ခုအဖြစ် Apple က တွေးမြင်ခဲ့တာပါ။ ဒါပေမယ့်လည်း Apple ရေးရာ လေ့လာဆန်းစစ်သူတစ်ဦး ဖြစ်တဲ့ မင်ချိကုအိုကတော့ Apple ရဲ့ In-House 5G Modem ကို ကုမ္ပဏီရဲ့ မူလအစီအစဉ်ဇယားဖြစ်တဲ့ ၂၀၂၃ ဒုတိယနှစ်ဝက်မှာ အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောလာပါတယ်။
ဒါဟာ နည်းပညာပိုင်းအရ အဆင်သင့်မဖြစ်သေးတာကြောင့် မဟုတ်ဘဲ ဥပဒေငြိစွန်းနိုင်တာကြောင့်လို့လည်း ဆိုပါတယ်။ FOSS Patents အရ Apple ရဲ့ ကိုယ်ပိုင် 5G Modem ဟာ ပြဿနာတွေ လက်ယပ်ခေါ်နေတယ်လို့ ဖော်ပြထားပါတယ်။ Apple ဟာ ၂၀၂၅ အကုန်အထိ Qualcomm နဲ့ လိုင်စင်သဘောတူညီချက်တစ်ခု လုပ်ထားပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးနိုင်တဲ့ Option တစ်ခုလည်း ရှိထားပါတယ်။
အစောပိုင်းကတော့ Apple ဟာ ဒါတွေ မတိုင်ခင် ကိုယ့်စက်ရုံနဲ့ကိုယ် Modem တွေ ထုတ်သုံးမယ်လို့ တွေးခဲ့ပေမယ့် အခုတော့ ဖြစ်နိုင်ခြေ နည်းသွားပြီလို့ ဆိုရမှာပါ။ ကိုယ်ပိုင် Modem ထုတ်လုပ်မယ့်ကိစ္စကို နှောင့်နှေးစေတဲ့ အကြောင်းတစ်ရပ်က မူပိုင်ခွင့်နှစ်ခုကြောင့် ဖြစ်ပြီး မူပိုင်ခွင့်တစ်ခုက ဖုန်းအဝင်ကို စာမက်ဆေ့ချ်နဲ့ ငြင်းတဲ့ နည်းပညာ နဲ့ ကျန်တဲ့ တစ်ခုက App ပြောင်းတဲ့ Interface နဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။
Apple သာ ကုမ္ပဏီရဲ့ In-House Modem ကို ပြောင်းလဲမယ်ဆိုရင် Qualcomm ဘက်က တရားလာစွဲနိုင်ပါတယ်။ မူပိုင်ခွင့်နှစ်ခုကလည်း ၂၀၂၉ နဲ့ ၂၀၃၀ ရောက်မှ သက်တမ်းကုန်မှာပါ။ Apple ဘက်က ဒီမူပိုင်ခွင့်တွေ ပယ်ဖျက်ဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပေမယ့် အထက်တရားရုံးက လက်ခံကြားနာဖို့ ပယ်ချခဲ့တာကြောင့် မူပိုင်ခွင့်စိန်ခေါ်မှု ပျက်သွားခဲ့တာပါ။
မူလကတော့ Apple ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ Modems အရေအတွက်ရဲ့ ၂၀% ပဲ Qualcomm ဆီက မှာယူသွားဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ Intel Modem လုပ်ငန်းကြီး ဝယ်ထားတဲ့ Apple ဟာ Qualcomm ဆီကပဲ 5G Modem တွေ ဆက်ဝယ်နေရမှာ ဖြစ်ပြီး လိုင်စင်ကြေးတွေလည်း ပေးမြဲ ပေးရဖို့ ရှိပါတယ်။