နယ်သာလန်လက်ရွေးစင်နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားလ်က သူ့အနေနဲ့ ဝှေးစေ့ကင်ဆာရောဂါကို ခံစားခဲ့ရတဲ့နောက် ကိုယ့်ဘာသာကိုယ် အိမ်သာသွားနိုင်တာကပဲ အံ့အားသင့်ဖွယ်ရာဖြစ်နိုင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဗန်ဟားလ်ဟာ လက်ရှိအချိန်မှာ ကင်ဆာရောဂါကို အံတု ရင်ဆိုင်နေရပါတယ်။
အဆိုပါ နယ်သာလန်လူမျိုးနည်းပြကြီးဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် ဓာတ်ရောင်ခြည်ကုသမှုပေါင်း (၂၅) ကြိမ်အထိ ခံယူခဲ့ရပါတယ်။ ဒါ့အပြင် မကြာခင်မှာပဲ သူ့ရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်လို့ သတင်းကောင်းတစ်ခုခု ကြားသိခွင့်ရှိနိုင်ဖို့လည်း ဗန်ဟားလ်က မျှော်လင့်ထားပါတယ်။
ဗန်ဟားလ်က “ကျွန်တော့် ကျန်းမာရေး ဘယ်လိုရှိလဲဆိုတော့ ကောင်းနေပါပြီ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်လောက်က ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဆရာဝန်တွေက အရာရာတိုင်းကို အစီအစဉ်တကျဖြစ်အောင် ကြိုးစားပေးနေကြပြီး အခုတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ကျွန်တော် ကုသမှုပြန်လည်ခံယူရပါမယ်”
“အဲ့ဒီနောက်မှာတော့ အရာအားလုံးကို ဆုံးဖြတ်မှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ဘာသာ အိမ်သာ သွားနိုင်တာကပဲ ကံကောင်းနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့နည်းပြပါ။
အဲ့ဒီနောက် ပြိုင်ပွဲအပြီးမှာတော့ သူ့ရဲ့ရောဂါအခြေအနေကြောင့် ဗန်ဟားလ်က လက်ရွေးစင်နည်းပြရာထူးကို ဒုတိယအကြိမ်မြောက်အဖြစ် စွန့်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ နယ်သာလန်လက်ရွေးစင်အသင်းကို ရော်နယ်ကိုးမန်းက တာဝန်ယူကိုင်တွယ်လျက်ရှိပါတယ်။