ရော်နယ်လ်ဒိုကတော့ မိမိကိုယ်ကို တသက်တာအကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားသူပါ။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံရဖို့ ကြိုးပမ်းခဲ့ခြင်းတောင် ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ဘုရားသခင်က ၎င်းရဲ့ကစားသမားဘဝမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ခံစားနေရပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ညက ပြင်သစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘယ်လွန်ဒေါဆုပေးပွဲအခမ်းအနားမှာ ၇ ကြိမ်မြောက် ဘယ်လွန်ဒေါဆုကို ရရှိခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ဘယ်သူက ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံဟာ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီက တသက်တာအကောင်းဆုံးကစားသမားလို့ ယုံကြည်ထားတဲ့ သူတိုင်းအတွက် မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ချီးကျူးထိုက်သူဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။



အဲဒီလိုဆိုပေမယ့်လည်း ယခုရာသီ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံမှာ ၉ ဂိုးသွင်းယူထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးက ၎င်းဟာ တသက်တာအကောင်းဆုံးကစားသမားလားဆိုတာ မသိဘူးလို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာက ဘယ်လွန်ဒေါ ၇ ဆုရှင်အတွက် လုံလောက်နေပြီ ဖြစ်ပါတယ်။

"ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ မတွေးခဲ့ပါဘူး။ ဒါမှမဟုတ် အဲဒီလိုဖြစ်လာဖို့အတွက် ကြိုးပမ်းခဲ့တာမျိုးတောင် မရှိခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်လို့ ရနိုင်ပြီဆိုရင်တောင် လုံလောက်တာထက် ပိုနေပါပြီ။ တသက်တာအကောင်းဆုံးကစားသမားဆိုတာက ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးရဲခဲ့တဲ့ ဒါမှမဟုတ် အိပ်မက် မမက်ရဲခဲ့တဲ့ အရာတစ်ခုပါ"

"ဒါပေမယ့် ကျွန်တော် အဲဒါကို အဓိပ္ပာယ်ကောက်မလွဲအောင် ဘယ်လို ပြောရမလဲမသိဘူး။ ကျွန်တော် တသက်တာအကောင်းဆုံးကစားသမားဖြစ်ဖို့ စိတ်မဝင်စားတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါကြီးကိုပဲ အများကြီး အရေးပါသလို မလုပ်ချင်တာလို့ပဲ ဆိုပါတော့။ အဲဒါက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်လာဖို့ ဒါမှမဟုတ် မဖြစ်လာဖို့ ဘာမှ ပြောင်းလဲစေမှာမဟုတ်ပါဘူး။ ကျွန်တော် အဲဒီ ၂ ခုစလုံးကိုလည်း ဖြစ်လာဖို့ ဘယ်တုန်းကမှ မကြိုးပမ်းခဲ့ပါဘူး"

မက်ဆီက France Football နဲ့ စကားပြောဆိုရာမှာ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရတာမျိုးကို မနှစ်သက်တဲ့ အကြောင်းကိုလည်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ "ကျွန်တော်က စံပြပုဂ္ဂိုလ်လားဆိုတာ မသိပါဘူး။ ကျွန်တော် စံပြပုဂ္ဂိုလ်ဖြစ်ရတာ ဒါမှမဟုတ် အကြံဉာဏ်ပေးရတာကို မနှစ်သက်ပါဘူး။ ကျွန်တော့်အိပ်မက်အတွက် တိုက်ပွဲဝင်ခဲ့တယ်။ ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ််လာဖို့ တိုက်ပွဲဝင်ခဲ့တယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ထက် ကျွန်တော်သာအောင်နဲ့ နှစ်တိုင်း ပန်းတိုင်သစ်တွေ ရရှိဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်"

"အဲဒါတွေ အားလုံးရဲ့အလယ်မှာ ကံကောင်းခြင်းကလည်း ပါဝင်ပါတယ်။ အဲဒါကလည်း ဘုရားသခင်ပေါ်မှာ မူတည်နေတာဖြစ်ပြီး သူက ကျွန်တော့်ကို ဒါတွေအားလုံးဖြစ်လာဖို့အတွက် ရွေးချယ်ခဲ့တယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီက တသက်တာအကောင်းဆုံးကစားသမားနဲ့ စံပြပုဂ္ဂိုလ်ဖြစ်ဖို့ ကြိုးပမ်းခဲ့ခြင်းတောင် မရှိဘူးလို့ ဖြေကြားခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်မှာ ပထမအကြိမ် ကစားခဲ့တဲ့ကာလတုန်းက Soccer AM က ဘယ်ကစားသမားက တသက်တာအကောင်းဆုံးကစားသမားလို့ ယုံကြည်လဲလို့ မေးမြန်းခဲ့ရာမှာ ရော်နယ်လ်ဒိုက ကိုယ့်ကိုကိုယ် တသက်တာအကောင်းဆုံးလို့ မှတ်ယူထားကြောင်း အဖြေပေးခဲ့တာဖြစ်ပါတယ်။

Share

က္က