နယ်သာလန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် COVID-19 ကူးစက်စေရန် အသုံးပြုနိုင်တဲ့ 'corona kits' လို့ခေါ်တဲ့ကိရိယာ ရောင်းချရန်ကြိုးပမ်းကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
အဆိုပါ ကိရိယာကို ဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် ရောင်းချခြင်းဖြစ်ပြီး COVID-19 အရည်နဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ကိရိယာ ပါဝင်တယ်လို့ ဖော်ပြထားကြောင်း နယ်သာလန် ဘဏ္ဍာရေးဝန်ကြီးဌာန (Dutch Ministry of Finance - FIOD) ရဲ့ လိမ်လည်မှုတိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။
(Graphic: Business Today)
"ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမယ့်အချိန်ကို သင်ကိုယ်တိုင် ဆုံးဖြတ်ချင်ပါသလား? corona kit နဲ့ဆို ဒီရွေးချယ်မှုကို သင်ကိုယ်တိုင် လုပ်နိုင်ပါတယ်" လို့ ဝက်ဆိုက်မှာ ကြော်ငြာထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဝယ်ယူအသုံးပြုမယ့်သူတွေကို သက်တမ်း သုံးလထက်မပိုတဲ့ ဗိုင်းရပ်စ်အသစ်တွေရမယ်လို့ အာမခံထားပြီး နောက်ဆုံးပေါ် ဗီဇပြောင်း ဗိုင်းရပ်စ်တွေဖြစ်တယ်လို့ ဝက်ဘ်ဆိုက်မှာ ပြောထားပါသေးတယ်။
ကိုယ်တိုင်ကူးစက်ခံပြီး ဗိုင်းရပ်စ်ကို အနိုင်ယူနိုင်ခြင်းက ကာကွယ်ဆေးထိုးသကဲ့သို့ပင် ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပြန်သက်သာလာသူဖြစ်ကြောင်း စာရင်းဝင်ရန် သေချာတဲ့နည်းလမ်းဖြစ်ပြီး စားသောက်ဆိုင်၊ နိုက်ကလပ်၊ ရုပ်ရှင်ရုံနဲ့ အခြားသော အများပြည်သူဆိုင်ရာ နေရာတွေကို သွားလာခွင့်ရမယ်လို့လည်း ဝက်ဘ်ဆိုက်က ညွှန်းထားကြောင်း သိရပါတယ်။
(Photo: AP)
သို့သော် ထိုဝက်ဘ်ဆိုက်က COVID-19 ကပ်ရောဂါကို မကျော်လွှားနိုင်ခြင်းနဲ့ နယ်သာလန်မှာ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် လူ ၂၀,၀၀၀ သေဆုံးခဲ့တဲ့ အကြောင်းတွေကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် COVID-19 ကူးစက်ရန် အသုံးပြုနိုင်တဲ့ 'corona kits' ကို စာတိုက်မှတစ်ဆင့် ယူရိုငွေ ၃၃.၅၀ (အမေရိကန် ၃၈ ဒေါ်လာ) ဖြင့် ဝယ်ယူနိုင်တယ်လို့ ပြောထားပါတယ်။ ထိုကိရိယာရောင်းချမှုဖြင့် သံသယရှိသူကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းကာ ထိုနေ့မှာပင် ပြန်လွှတ်လိုက်ကြောင်း သိရပါတယ်။
၎င်းရဲ့ဝက်ဘ်ဆိုက်ကို အသုံးမပြုနိုင်ရန် ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအမျိုးသားဟာ အမှန်တစ်ကယ် ဗိုင်းရပ်စ်ရောင်းချရန် ရည်ရွယ်ခဲ့ခြင်းလား၊ သို့မဟုတ် လူတွေထံမှ ငွေလိမ်လည်ရယူလိုခြင်းလားဆိုတာကို ဆုံးဖြတ်ရန် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ FIOD က ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ ၎င်းကို လိမ်လည်မှုဖြင့် တရားစွဲဆိုထားတယ်လို့ RT သတင်းက ဖော်ပြပါတယ်။