အမျိုးသမီးလေးတွေဟာ အချစ်ကြီးပြီး အကြင်နာတရားကြီးမားတတ်ပါတယ်။ ဘယ်သူ့ကိုမဆို သနားညှာတာတတ်ပြီး ကိုယ့်အတွက်ထက် အနီးအနားက ချစ်သူ၊ မိသားစု ၊ သူငယ်ချင်း စတာတွေအတွက်ပဲ စဉ်းစားနေတတ်ကြတာမျိုးက ပိုများနေတတ်ကြပါတယ်။ တကယ်တော့ ဘယ်သူ့ကိုမှ မချစ်ခင် ကိုယ့်ကိုယ်ကိုယ် ချစ်မှသာ ဘဝမှာကော ကိုယ်ကျင်လည်ရာ နယ်ပယ်မှာပါ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ရနိုင်မှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့်နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ မဒီတို့လည်း ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ချစ်တတ်ရဲ့လားဆိုတာ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်နော်။
happierhuman.com
၁။သူတပါးနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့
အနားကသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲနေတာတွေရှိရင် အခုက စပြီး အဲဒီစိတ်ကြီးကို စွန့်လွှတ်လိုက်ပါ။ ကိုယ့်ကို စိတ်ချမ်းသာစေတာမျိုးမဟုတ်ဘဲ စိတ်ဆင်းရဲသိမ်ငယ်စေတာမျိုးတွေသာ ဖြစ်စေမယ်ဆိုရင် အဲဒီလို နှိုင်းယှဉ်တာတွေ မလုပ်သင့်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ်ဘဝကိုယ် ၊ ကိုယ့်လမ်းကြောင်းကိုသာ အာရုံစိုက်ထားပြီး မနေ့က ကိုယ် နဲ့ ဒီကနေ့ ကိုယ် ဘာတွေ တိုးတက်ပြောင်းလဲလာသလဲသာ နှိုင်းယှဉ်ပါ။
၂။သူတပါးအမြင်တွေအပေါ် လိုက်စိုးရိမ်မနေပါနဲ့
ငါ့ကို သူတို့ ဘယ်လိုမြင်မှာလဲမသိဘူး၊ ငါ့အိုင်ဒီယာကို သဘောကျမှကြပါ့မလား ၊ ငါ့ဝတ်ပုံစားပုံကို သူတို့ ဘယ်လိုပြောကြမလဲမသိဘူးဆိုတဲ့ စိုးရွံ့မှုတွေကို ထားခဲ့ပါတော့ ။ လူတွေရဲ့ အမြင်ကို လိုက်စိုးရိမ်ပြီး သူတို့သဘောကျအောင် လိုက်လုပ်နေဖို့ လိုအပ်လားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ သူတပါးအမြင်တွေကို လိုက်စိုးရိမ်ပြီး ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့တော့။
၃။အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့
naturalpath.net
၄။ကိုယ့်ခန္ဓာကိုယ်အပေါ် အပြစ်မတင်ပါနဲ့
ငါ့ခန္ဓာကိုယ်ကြီးက ဝလိုက်တာ ၊ ပိန်လိုက်တာ ၊ စတိုင်မကျလိုက်တာ ဆိုပြီးလည်း ကိုယ့်ကိုယ်ကိုယ် ညည်းညူအပြစ်တင်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် မလှဘူးလို့ တွေးနေမိတယ်ဆိုရင် အဲ့အတွေးကို ဝဲပစ်လိုက်ပါ။ လူတိုင်းက အလှကိုယ်စီရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နဲ့ ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ အဝတ်အစား ၊ ကိုယ်သဘောကျတဲ့ အဝတ်အစား ၊ ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ငါက လှတယ် လို့ပဲ တွေးပါ။ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင်ချစ်ဖို့ လိုပါတယ်။
၅။ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ ဝေးမှာမကြောက်ပါနဲ့
မိန်းကလေးတော်တော်များများဟာ ကိုယ့်အပေါ် မကောင်းတဲ့ ချစ်သူ၊ ကိုယ့်အပေါ် မကောင်းတဲ့ သူငယ်ချင်းတွေကို ခင်တွယ်တဲ့စိတ်တွေ၊ သံယောဇဉ်တွေနဲ့ အဝေးထွက်သွားမှာ ကြောက်ပြီး ဆွဲထားတတ်ကြပါတယ်။ ကိုယ့်အပေါ် မကောင်းသူတွေ၊ နာကျင်စေသူတွေ၊ ကိုယ် မကောင်းတာဖြစ်မှာကို ကျိတ်ပျော်နေသူတွေနဲ့ ဝေးရာမှာ နေကြည့်လိုက်စမ်းပါ။ အရမ်းကို ကျေနပ်ပျော်ရွှင်စရာကောင်းတယ်ဆိုတာကို သိလာပါလိမ့်မယ်။
၆။ကိုယ့်ဆုံးဖြတ်ချက်တွေအပေါ်ကို ယုံကြည်ပါ
ငါလုပ်တာတွေက မှန်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ ကိုယ့်ဘဝရဲ့ တချို့သော အရာတွေကို အနားကသူတွေရဲ့ အကြံဉာဏ်ယူမိတာမျိုး လုပ်ဖူးကြလား။ အဲဒီလို လုပ်ပြီးတဲ့နောက် ရလာတဲ့ ရလဒ်ကိုကော စိတ်ကျေနပ်ပါရဲ့လား။ မဒီတို့အနေနဲ့ သိထားဖို့ကတော့ ကိုယ့်အကြောင်း ကိုယ့်ထက် သိနားလည်တဲ့သူ မရှိဘူးဆိုတာပါပဲ။ ကိုယ့်အကြောင်းကိုယ် အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာလည်း ကိုယ့်အတွက် မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်တယ်ဆိုတာကို လုံးဝယုံမှားသံသယမရှိပါနဲ့တော့။
happierhuman.com
၇။ဘဝကပေးတဲ့ အခွင့်အရေးတွေကို အရယူပါ
တစ်ခါတလေမှာ ဘဝက တန်ဖိုးကြီးမားတဲ့ အခွင့်အရေးတွေကို ပေးတတ်ပါတယ်။ အဲဒီလို အခွင့်အရေးတွေ ရရှိတဲ့အချိန်မှာ ကိုယ့်ဘက်က ကောင်းကောင်းကြီး ဆုပ်ကိုင်အသုံးချတတ်ဖို့လိုပါတယ်။ ဒီအခွင့်အရေးကိုသာလွဲချော်သွားခဲ့ရင် နောက်ထပ်အခွင့်အရေးကောင်းကို ရရှိဖို့ အချိန်တော်တော်ကြာတဲ့ထိ စောင့်မျှော်ရပါလိမ့်မယ်။ ဒါ့ကြောင့် နံပါတ် (၆) မှာ ပြောခဲ့သလို ဘဝက အခွင့်အရေးကောင်းတွေ ပေးလာတဲ့အခါမှာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်ဖို့တော့ လိုပါလိမ့်မယ်။
ဒီအချက် (၇) ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် မဒီတို့ အမှန်တကယ်ချစ်မချစ် ဆိုတာ စမ်းသပ်စစ်ဆေးနိုင်တဲ့ အချက်တွေပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှသာ ကိုယ့်အနီးအနားကလူတွေကို ချစ်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှသာ လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
မဒီတို့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ကြပါစေ။