ဖျက်ဆီးခံရတဲ့ WelCome To Taungoo ဆိုတဲ့ ညအလှ LEDမီးစာလုံးများကို လွန်ခဲ့တဲ့ ၂လလောက်ကမှ ပြုလုပ်ထားတာဖြစ်ပြီး မူးယစ်ရမ်းကားတွေရဲ့ဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့တာပါ။
တောင်ငူမြို့ရဲ့ ဂုဏ်ကျက်သရေဆောင်သလို လှပစေဖို့အတွက် တောင်ငူမြို့အဝင်မှာပြုလုပ်ထားတဲ့ WelCome To Taungoo ဆိုတဲ့ ညအလှ LEDမီးစာလုံးများ ဒီဇင်ဘာလ(၁၀)ရက်နေ့ညပိုင်းက မူးယစ်သူတွေရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။အခုလို မြို့တစ်မြို့ရဲ့ ကြိုဆိုတဲ့အနေနဲ့ ပြုလုပ်ထားတဲ့ အရာကိုဖျက်ဆီးခံရတာကြောင့် တောင်ငူဒေသခံတွေအနေနဲ့ ကျေနပ်မှုမရှိဘဲကျူးလွန်တဲ့သူတွေကိုဖော်ထုတ်ပြီးထိထိရောက်ရောက်အရေးယူဖို့အတွက်ကိုလည်း ပြောဆိုထားတာတွေလူမှုကွန်ရက်မှာတွေ့ရပါတယ်။
photo- Kyaw Thu Win
“ ကျွန်တော်တို့က မြို့ရဲ့ လုံခြုံရေး၊ သာယာရေးအတွက် ဒီဇင်ဘာ(၈)ရက်နေ့ညပိုင်းကစပြီး မြို့ရဲ့အထင်ကရနေရာတွေမှာ အရက်သေစာသောက်စားတဲ့ သူတွေကို တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ထိန်းသိမ်းတာတွေရှိတယ်။ မနေ့ညကဆိုရင်လည်း လုံခြုံရေးကင်းလှည့်အဖွဲ့တွေက ညပိုင်း (၁၁)နာရီလောက်ထိဆောင်ရွက်နေခဲ့တာ။ အခုအဖြစ်အပျက်က အဲဒီချိန်နောက်ပိုင်းလောက်မှဖြစ်တာဖြစ်မယ်။ ဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့က ပြန်ပြုပြင်ရမှာပေါ့။ ဒီတစ်ရက် နှစ်ရက်အတွင်းပဲပြန်လည်ပြုပြင်သွားမယ်။ စုံစမ်းအရေးယူတာတွေမလုပ်တော့ပါဘူး။ ညပိုင်းတွေမှာပဲ လုံခြုံရေးကင်းလှည့်တာတွေကို ဒီထက်ပိုပြီး တင်းကြပ်ဆောင်ရွက်သွားမယ်” လို့ တောင်ငူမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။
photo- Kyaw Thu Win
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားတဲ့လူတွေကို ပညာပေးသဘောနဲ့ ပြောဆိုဆုံးမပြီး ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။ အခုလိုဆုံးမတာကို မကျေနပ်တဲ့ သူတွေကဖျက်ဆီးတာလည်းဖြစ်ချင်ဖြစ်နိုင်သလို၊ တခြားသူတွေလည်းဖြစ်နိုင်ပါတယ်လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။ အခုဖျက်ဆီးခံရတဲ့ တောင်ငူမြို့ဝင်က WelCome To Taungoo ဆိုတဲ့ ညအလှ LEDမီးစာလုံးများကို တောင်ငူမြို့ စည်ပင်သာယာရေးကော်မတီနဲ့၊ အုပ်ချုပ်ရေးအဖွဲ့တို့ပေါင်းပြီး ပြီးခဲ့တဲ့ (၂)လောက်ကမှ ငွေကျပ်(၃၆)သိန်းအကုန်အကျခံဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အခုဖျက်ဆီးခံရလို့ ပြန်လည်ပြုပြင်မယ်ဆိုရင် နောက်ထပ် ကုန်ကျစရိတ်(၅)သိန်းလောက်ကုန်ကျနိုင်ပြီး ရက်ပိုင်းအတွင်းပဲ ပြန်လည်ပြုပြင်သွားမှာဖြစ်တယ်လို့သိရပါတယ်။