တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းရေပြင်မှာ ကျပ်သိန်းပေါင်း ၇ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Photo - YL
အဲ့ဒီမူးယစ်ဆေးတွေကို ကော့သောင်းရေပြင် မြောက်တော်ဝင်ကျွန်းအနောက် မိုင် ၂၀ လောက်အကွာမှာ မသင်္ကာဖွယ်စက်လှေတစီးအတွင်း မတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဒီမိုကရက်တစ်မြန်မာအသံ (DVB) သတင်းဌာနကဖော်ပြပါတယ်။
ကော့သောင်းရေပြင် မြောက်တော်ဝင်ကျွန်းအနောက် မိုင် ၂၀ လောက်အကွာမှာ တောင်ဘက်ကို မောင်းနှင်သွားတဲ့ မသင်္ကာဖွယ်စက်လှေတစီးကို ရေယာဉ်မှူး ဗိုလ်ကြီးညီညီနိုင် ဦးစီးကွပ်ကဲတဲ့ တပ်မတော်ရေယာဉ်က စစ်ဆေးခဲ့ရာ အိုက်စ်အမျိုးအစားလို့ ယူဆရတဲ့ မူးယစ်ဆေး တကီလိုထုပ်ပေါင်း ၁၇၃၇ ထုပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် (ရေ) ကနေ စုံစမ်းရတဲ့ သတင်းကို DVB က ပြန်လည်ဖော်ပြထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ကျပ်သိန်းပေါင်း ၇ သိန်းလောက်တန်ဖိုးရှိ ပြီး မူးယစ်ဆေးတွေနဲ့အတူ စက်လှေပေါ်မှာ လူ ၇ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီသင်္ဘောပေါ်က လူတွေကိုစစ်ဆေးချက်အရ သင်္ဘောဟာရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ခုတ်မောင်းလာတာဖြစ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား ရေပြင်ကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ဖို့သွားနေတာဖြစ်တယ်လို့ သိရပါတယ်။
Duwun သတင်းဌာနက ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်ပြီးမေးမြန်းရာမှာတော့ "မူးယစ်ဆေးတွေ ဖမ်းမိတယ်ဆိုတာ မှန်ပါတယ်။ ကော့သောင်းကိုတော့ ရောက်မလာသေးပါဘူး။ ဒီကနေစောင့်နေပါတယ်။ အသေးစိတ်ကိုတော့ ဒီကိုရောက်လာမှ စစ်ဆေးပြီးပြောနိုင်ပါမယ်။"လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ကို ပြန်လည်ဖြေကြားပါတယ်။