ယူနိုက်တက်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အတ္တလန်တာ တိုက်စစ်မှူး ဟို့ဂျ်လန်းကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမစခင်မှာ ဥရောပက နာမည်ကြီး တိုက်စစ်ကစားသမားအများအပြားနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဒီအထဲမှာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်လည်း ပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်သွားတဲ့ ဘရူနိုဖာနန်ဒက်စ်က အဆိုပါ တိုက်စစ်မှူးကို ချီးကျူးခဲ့ဖူးပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ရာမို့စ်နဲ့ ပတ်သက်လို့ ဘရူနိုဖာနန်ဒက်စ်က “ဂွန်ကာလိုက ပရီးမီးယားလိဂ်မှာ အထူးသဖြင့် ယူနိုက်တက်မှာ ကစားဖို့ အရည်အချင်းအားလုံးရှိပါတယ်”
“သူက လာမယ့်နှစ်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အားကစားဒါရိုက်တာမဟုတ်တော့ ဒီကိစ္စက ကျွန်တော့်လက်ထဲမှာ မရှိပါဘူး။ သူက ပြိုင်ဘက်ကို ကောင်းကောင်းဖိအားပေးနိုင်တယ်၊ ပြိုင်ဘက်ဧရိယာထဲမှာ အရမ်းကောင်းပါတယ်”
“သူက ကျွန်တော့်ကိုသာမက အသင်းဖော်တွေကိုပါ လက်ရွေးစင်မှာ အံ့အားသင့်စေခဲ့သူပါ။ သူက ကြံ့ခိုင်မှုကောင်းတယ်၊ ငယ်လည်းငယ်ရွယ်သေးပြီး ပိုကောင်းလာဦးမှာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ ဂွန်ကာလို ရာမို့စ်ကို ယူနိုက်တက်ထံ ရောက်ရှိလာဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ဟို့ဂျ်လန်းကိုသာ ဦးစားပေးခေါ်ယူခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဂွန်ကာလိုရာမို့စ်ဟာ အခြားသော ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့တော့မှာလည်း ဖြစ်ပါတယ်။