ဘရိုက်တန်နဲ့ပွဲမစခင်မှာ ဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ ဘရိုက်တန်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ ကွင်းအတွင်း ဝင်ရောက်ဖို့ ဥမင်လိုဏ်ခေါင်းအတွင်း တန်းစီနေချိန်မှာ ရုပ်ဆိုးအကျည်းတန်တဲ့ အမှားအယွင်းတခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။ မက်ဂွိုင်းရားဟာ နေရာမှားပြီး တန်းစီးခဲ့တာဖြစ်ပြီး ဘရိုက်တန်ကစားသမားတွေနဲ့ နေရာပြန်လဲခဲ့ရပါတယ်။



သူနေရာမှားပြီး တန်းစီနေတဲ့အကြောင်းကို ဂိုးသမား ဒီဂီယာက အသိပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းရားက ဒီဂီယာသတိပေးနေတဲ့ကြားထဲကနေ အူကြောင်ကြောင်ဖြစ်နေခဲ့ဟန်ရှိပြီး ဒီဂီယာက ထပ်မံပြောဆိုမှသာ မက်ဂွိုင်းရားက ပြိုင်ဘက်အသင်းခေါင်းဆောင် ဒန့်ကိုအသိပေးကာ ဟိုဘက်နဲ့ဒီဘက် နေရာပြန်ပြောင်းပြီး အမှန်အတိုင်း ပြန်လည်တန်းစီခဲ့ပါတယ်။



မက်ဂွိုင်းရားရဲ့လုပ်ရပ်အပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေက စိတ်ပျက်နေပြီး အသင်းခေါင်းဆောင်တယောက်က ဘယ်နေရာမှာ တန်းစီရမယ်ဆိုတာကို မသိအောင် အာရုံစူးစိုက်မှုကင်းမဲ့ခဲ့တဲ့အပေါ် ဝေဖန်နေကြပါတယ်။ ပရိသတ်တယောက်က “ငါတို့အသင်းခေါင်းဆောင်ကို ကြည့်စမ်းပါဦးကွာ။ ဒါက အသင်းခေါင်းဆောင်တဲ့လား” လို့ ရေးသား ဝေဖန်ခဲ့ပါတယ်။

အခြားသော ပရိသတ်တယောက်ကလည်း “အသင်းခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်ကွင်းထဲမဝင်ခင် ဘယ်နေရာမှာ တန်းစီရမယ်ဆိုတာကို သိသင့်ပါတယ်။ ဒီဂီယာက သူ့ကို ညွှန်ကြားနေရပြီး ဒါက မက်ဂွိုင်းရားရဲ့ အာရုံစူးစိုက်မှု၊ ဦးဆောင်နိုင်စွမ်း မရှိတာတွေကို သက်သေပြနေပါတယ်” လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မက်ဂွိုင်းရားတယောက် အမှားအယွင်း ကြီးကြီးမားမား မလုပ်ခဲ့ဘူးလို့ ဆိုနိုင်ပေမယ့်လည်း အခုလိုမျိုး ကွင်းထဲမဝင်ခင်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စက ယူနိုက်တက်အသင်းခေါင်းဆောင်တယောက်အတွက်တော့ စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။ 

Share

Loading Next Article...
က္က