အိုလီဂန်းနားဆိုးလ်ရှားဟာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်အသက်သွင်းပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲကိုင်တွယ်ထားရာမှာ ၁ ပွဲသာရှုံးနိမ့်ထားခဲ့ပါတယ်။
Metro ရဲ့သတင်းအရ ဆိုးလ်ရှားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အသင်းဘုတ်အဖွဲ့ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုရဲ့နောက်ဆက်တွဲရလဒ်အဖြစ် မန်ယူဘုတ်အဖွဲ့ဟာ အပြောင်းအရွှေ့ဘတ်ဂျက်ပေါင်သန်း ၂၀၀ အထိ ထောက်ပံ့ပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
ဆိုးလ်ရှားဟာ ညာနောက်ခံ၊ ဘယ်နောက်ခံ၊ ကွင်းလယ်ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေကို လာမယ့်ရာသီအတွက် ခေါ်ယူအားဖြည့်လိုနေတယ်လို့သိရပြီး နည်းပြမော်ရင်ဟို ထွက်ခွာချိန်မှာ လက်ခံရရှိခဲ့တဲ့အသင်းရဲ့လူစာရင်းမှာ ၎င်းရဲ့ကစားသမားတွေ ထည့်သွင်းလိုနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဒါမီယန်နဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ အက်ရှ်လေယန်းနဲ့ ဗလင်စီယာတို့နေရာမှာ အစားထိုးဖို့အတွက် ဘယ်နောက်ခံနဲ့ ညာနောက်ခံကစားသမားတွေကို ခေါ်ယူလိုနေပါတယ်။