မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကစားသမား ၁၀ ဦးအထိ မပါဘဲ ကစားရနိုင်ကြောင်း ယာယီနည်းပြ ဆိုးလ်ရှားက ဝန်ခံပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဟာရဲရား၊ မာတာ၊ လင်ဂတ်တို့ ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း ပွဲချိန်ပြည့် ဆက်လက်ကစားပေးခဲ့ရပါတယ်။
နီမန်ဂျာမာတစ်ဟာ ဒဏ်ရာကြောင့် လီဗာပူးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး မာရှယ်ကလည်း ပေါင်ခြံဒဏ်ရာကြောင့် ရုန်းကန်ရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖီးလ်ဂျုံးစ်၊ ဗလင်စီယာ၊ ဒါမီယန်တို့ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာမဟုတ်ဘဲ မေဆင်ဂရင်းဝုဒ်ကလည်း ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြ ဆိုးလ်ရှားက တနင်္ဂနွေနေ့ကတည်းက ယနေ့အချိန်အထိ သတင်းကောင်းမရှိသေးကြောင်း ဝန်ခံခဲ့ပြီး လူငယ်ကစားသမား ၃ ဦးအထိ အသုံးပြုပြီး ပဲလေ့စ်နဲ့ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားကို ကစားသမားအဖြစ်နဲ့ ပြန်လည်ပါဝင်ကစားဖို့ရှိလားလို့ သတင်းထောက်က ဟာသဖောက်ပြီး မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အသက်အရွယ်က ပြဿနာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပြဿနာက ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပါ”
“ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ် မပြုလုပ်ရသေးပါဘူး။ အဲဒီတော့ အများကြီး အကောင်းမြင်စရာမရှိဘူးထင်ပါတယ်”
“ဒဏ်ရာရနေတယ်လို့ ယူဆရတဲ့ ကစားသမားစာရင်းကို ကျွန်တော် မသိပါဘူး။ ဒါမီယန်က အရင်နေ့တွေကတော့ လေ့ကျင့်ရေးပြုလုပ်ခဲ့တယ်။ သူအဆင်သင့်ဖြစ်ဦးမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရိုဟိုကတော့ လေ့ကျင့်ရေးဆင်းနေခဲ့တဲ့အတွက် သူ ပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”
“ရက်ရှ်ဖို့ကလည်း သူ့ရဲ့ခြေချင်းဝတ်ဒဏ်ရာကို ကုသမှုမှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ကြွက်သားဒဏ်ရာအကြောင်းကိုတော့ စဉ်းစားဖို့အတွက် အရမ်းစောနေပါသေးတယ်။ ဒါပါပဲ။ ကစားသမားအနည်းငယ်ကတော့ ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။