ဝုဒ်ဝက်ဒ်က COVID-19 ဟာ ဘောလုံးလောကရဲ့ အပြောင်းအရွှေ့စျေးကွက်ကို ကြီးကြီးမားမားရိုက်ခတ်မှုရှိမယ်လို့ ယုံကြည်နေပြီး ပုံမှန်လုပ်ဆောင်နေခဲ့သလို လှုပ်ရှားဖို့က မလွယ်ကူဘူးလို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုဥက္ကဌဖြစ်တဲ့ အက်ဒ်ဝုဒ်ဝက်ဒ်က ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအများအပြားသုံးစွဲမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေဟာ ဟယ်ရီကိန်းကို ပေါင်သန်း ၂ဝဝပေးပြီးခေါ်ယူမယ်ဆိုတာက လက်တွေ့မကျဘူးလို့ ဝုဒ်ဝက်ဒ်က ပြောဆိုခဲ့ပါတယ်။
ဝုဒ်ဝက်ဒ်က COVID-19 ဟာ ဘောလုံးလောကရဲ့ အပြောင်းအရွှေ့စျေးကွက်ကို ကြီးကြီးမားမားရိုက်ခတ်မှုရှိမယ်လို့ ယုံကြည်နေပြီး ပုံမှန်လုပ်ဆောင်နေခဲ့သလို လှုပ်ရှားဖို့က မလွယ်ကူဘူးလို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ဆန်ချို၊ ဟယ်ရီကိန်း၊ ပေါင်သန်း ၅၀ ခန့်ပေးချေရနိုင်တဲ့ ဗီလာက ဂရီလစ်ရှ်တို့ကို ပစ်မှတ်ထားနေတဲ့ အသင်းလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဝုဒ်ဝက်ဒ်က "ကစားသမားတစ်ဦးအတွက် ပေါင်သန်းရာနဲ့ချီပြီးတော့ သုံးစွဲမယ်ဆိုတဲ့ထင်မြင်ချက်တွေက ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အခြေအနေမှန်တွေကို လျစ်လျူရှူတာဖြစ်ပြီး အကူအညီဖြစ်မယ်လို့ ကျွန်တော်ကတော့ မခံစားရပါဘူး၊ ဘောလုံးလောကအတွင်းက လူတိုင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်သူကမှထင်မြင်ချက်မပေးသင့်ပါဘူး"
"ဘယ်ကလပ်မဆို၊ ကျွန်တော်တို့အပါအဝင်ပေါ့၊ နွေရာသီစျေးကွက်မှာ ပုံမှန်အတိုင်းလှုပ်ရှားဖို့က မဖြစ်နိုင်ပါဘူး၊ အသင်းအောင်မြင်ဖို့အတွက်က ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ၊ ဒါပေမယ့် ဒီအားကစားလောကတစ်ခုလုံးဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ မြင်နိုင်ဖို့လိုပါတယ်" လို့ ဝုဒ်ဝက်ဒ်က ပြောဆိုခဲ့သလို လက်ကျန်ဘောလုံးရာသီကိုလည်း ပြီးဆုံးအောင်ကစားဖို့ အသင်းက ဆန္ဒရှိတယ်လို့ အတည်ပြုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ဟယ်ရီကိန်းကတော့ စပါးနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ပြီး သူ့ရဲ့အနာဂတ်က မတည်မငြိမ်ဖြစ်နေတာဖြစ်ပါတယ်။ စပါးအသင်းဥက္ကဌလီဗိုင်းက သူတို့တိုက်စစ်မှူးကို ပေါင်သန်း ၂ဝဝနဲ့ ရောင်းချပြီး ဘဏ္ဍာရေးပြသနာတွေကို ဖြေရှင်းဖို့ ကြံစည်နေပြီး ဒါဟာ နေမာရဲ့ ပေါင်၁၉၈သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တဲ့ စံချိန်ကို ကျော်လွန်မှာလည်းဖြစ်ပါတယ်။