နော်ဝှစ်ချ်နဲ့ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ချယ်လ်ဆီးဟာ ပျက်စီးယိုယွင်းသွားမှာမဟုတ်ဘူးလို့ နော်ဝှစ်ချ်ကို အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ အသင်းပိုင်ရှင်အေဘရာမိုဗစ်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ အနေအထားဟာ အကျပ်အတည်းတွင်းကျရောက်နေခဲ့ပြီး ကစားသမားသစ်ခေါ်ယူမှု၊ အပြောင်းအရွှေ့၊ စာချုပ်သစ်ချုပ်ဆိုမှုတွေ လုပ်ခွင့်ပါ မရတော့ပါဘူး။ 

ဒီအတွက် ချယ်လ်ဆီးရဲ့အနာဂတ်က မသေမချာဖြစ်လာခဲ့ပြီလို့ အားလုံးက ပြောဆိုနေခဲ့ကြပေမယ့် တူချယ်လ်ကတော့ သူတို့အသင်းဟာ လွယ်လွယ်နဲ့အလျှော့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အသင်းပိုင်ရှင်ဒဏ်ခတ်ပိတ်ဆို့ခံရအပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ အနိုင်ရရှိအောင် ချယ်လ်ဆီးက စွမ်းဆောင်နိုင်ခဲ့ပြီး သူတို့ရဲ့ မာကျောမှုကို ပြသနိုင်ခဲ့ပါတယ်။ 

"ကျနော်တို့ တဦးပေါ်တဦး ယုံကြည်တာတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ကျနော်တို့မှာ ဂျာစီတွေအလုံလောက်ရှိနေမယ်၊ ပွဲသွားကစားဖို့ ဘတ်စ်ကားရှိနေမယ်ဆိုရင် ကျနော်တို့ ပြိုင်ပွဲရှိရာဆီသွားပြီးတော့ ယှဉ်ပြိုင်မှာပါပဲ၊ လူတိုင်းလည်း ဒီလိုစိတ်ထား ရှိနေတာသေချာပါတယ်၊ ကိုယ့်အပေါ်ကိုယ်ပဲ ကျနော်တို့ အာရုံစိုက်နေပါတယ်၊ ဒါကို ထိန်းသိမ်းထားပြီးတော့ မာကျောတဲ့စိတ်ဓာတ်ပိုင်းကို လေ့ကျင့်ကွင်းမှာရော၊ အသင်းတွင်းမှာပါ ဆက်ထိန်းထားရမှာပါ" လို့ တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် သူ မထိန်းချုပ်နိုင်တဲ့ ပြသနာတွေအတွက်လည်း စိတ်ပူနေမှာမဟုတ်ဘဲ သူ လုပ်စရာရှိတာကိုသာ လုပ်သွားမယ်လို့ ထပ်ပြောခဲ့ပါသေးတယ်။ "မနေ့က ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်ကြိုမသိဘူး၊ မနက်ဖြန်အတွက်လည်း ကျနော်မသိဘူး၊ ဒီနေ့သတင်းက ကြီးမားပြီး အကျိုးသက်ရောက်မှုအဆင့်ကလည်း ကြီးမားပါတယ်၊ ဒါပေမယ့် ဘယ်လောက်ထိကြီးမားလဲ ကျနော်တို့မသိဘူး၊ ဒါကို လွှမ်းမိုးထိန်းချုပ်လို့မရပါဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က