မနေ့ညက ကစားခဲ့တဲ့ သြစတြီးယားနဲ့ ပြင်သစ်တို့ရဲ့ ယူရိုအုပ်စုပွဲမှာတော့ ပြင်သစ်က ပြိုင်ဘက်ရဲ့ Own Goal နဲ့အတူ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်က လူစုံတက်စုံနဲ့ ပွဲထွက်ခဲ့ပြီး ကစားပုံကလည်း ကျေနပ်စရာ အနေအထားတစ်ခုမှာ ရှိခဲ့ပါတယ်။
ဂိုးသမားနေရာမှာ မိုင်ဂ်နန်၊ နောက်တန်းမှာ ကွန်ဒေး၊ ယူပါမီကာနို၊ ဆာလီဘာနဲ့ သီယိုဟာနန်ဒက်ဇ်၊ ကွင်းလယ်မှာ ကန်တေ၊ ရာဘီရော့၊ ဂရစ်ဇ်မန်း၊ တိုက်စစ်မှာတော့ အမ်ဘာပေ၊ မားကပ်စ်သူရမ်၊ ဒမ်ဘီလီတို့ ပွဲထွက်ခဲ့ပါတယ်။ ရန်းနစ်ဂ်ရဲ့ သြစတြီးယားကတော့ ဆာဘစ်ဇာ၊ ဒန်ဆိုနဲ့ လိုင်မာတို့ကလွဲရင် စိတ်ဝင်စားစရာ မရှိခဲ့ပါဘူး။
ပွဲစတာနဲ့ ပြင်သစ်က လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် ကစားခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှုအပိုင်း၊ အခွင့်အရေးကို အသုံးချမှုအပိုင်းမှာတော့ အားနည်းခဲ့ပါတယ်။ အမ်ဘာပေရဲ့ ဖြတ်တင်ဘောကို သြစတြီးယားနောက်ခံလူ ဝိုဘာ ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းခဲ့တာကြောင့်သာ ပြင်သစ်တို့ ဂိုးရရှိခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ပြင်သစ်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် အမ်ဘာပေ ဖြုန်းတီးခဲ့သလို သူရမ်ရဲ့ ကန်ချက်ကိုလည်း သြစတြီးယားဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြင်သစ်ဘက်က ကာမာဗင်ဂါ၊ ကိုအာနီတို့ ဝင်ကစားခဲ့ပေမယ့် ဂိုးထပ်မရခဲ့ပါဘူး။
သြစတြီးယားဘက်က တိုက်စစ်မှူး အနော်တိုဗစ် လူစားဝင်ခဲ့သလို ပြင်သစ်ကိုလည်း အတိုင်းအတာတစ်ခုအထိ တုံ့ပြန်နိုင်ခဲ့ပေမယ့် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးတော့ မပြသနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ပြင်သစ်တို့ Own Goal တစ်ဂိုးတည်းနဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။