ပီအက်စ်ဂျီကြယ်ပွင့် ဟာကီမီရဲ့ အေးဂျင့်ဖြစ်သူ ကာမာနိုက ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်တွေကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတည်ထောင်ခဲ့တဲ့ အမ်ဘာပေရဲ့ အမေ လာမာရီနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ လာမာရီဟာ သူ့ရဲ့သားဖြစ်သူနဲ့အတူ အခုလိုမျိုးပဲ အေဂျင်စီတစ်ခုကို တည်ထောင်ခဲ့တာဖြစ်ပြီး ဟာကီမီကိုပါ အဆိုပါ အေဂျင်စီနဲ့ လက်တွဲဖို့ သိမ်းသွင်းနေဟန်ရှိပါတယ်။
ဟာကီမီအနေနဲ့ လက်ရှိအေးဂျင့် ကာမာနိုနဲ့ လမ်းခွဲပြီး လာမာရီရဲ့ အေဂျင်စီနဲ့ လက်တွဲဖွယ်ရှိတယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကိုတော့ ဟာကီမီရဲ့အေးဂျင့် ကာမာနိုက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး လာမာရီကိုလည်း လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ပါတယ်။
ကာမာနိုက “လာမာရီရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အရမ်းကို အံ့အားသင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရေးပါတဲ့ ကစားသမားတစ်ယောက်ရဲ့ မိခင်ဖြစ်နေလို့ပါ။ သူ့အနေနဲ့ စျေးကွက်ကို ဝင်ပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဟာကီမီက ကျွန်တော်တို့ အေဂျင်စီရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲပါ။ စီမံကိန်းတွေနဲ့ ပတ်သက်လို့လည်း ဟာကီမီက အဆင်ပြေနေပါတယ်”
“နောက်ပြီး သူက အမ်ဘာပေနဲ့လည်း လေးစားမှုရှိတဲ့ ဆက်ဆံရေးပါ။ ကစားသမားတစ်ယောက်ရဲ့ မိခင်ဖြစ်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ ကျွန်တော့်အတွက်တော့ အခုလုပ်ရပ်က အသက်မွေးဝမ်းကျောင်းတစ်ခုအပေါ် လေးစားမှု ကင်းမဲ့တာပါပဲ။ လာမာရီအနေနဲ့ အမ်ဘာပေနဲ့ ပတ်သက်တာကလွဲလို့ ကျန်တဲ့ ဘာစီးပွားရေးမှ မရှိသင့်ပါဘူး”
“စျေးကွက်ထဲမှာလည်း သူ့ရဲ့ ဖြစ်တည်မှုက အရေးမကြီးပါဘူး။ သူ့မှာ အတွေ့အကြုံလည်း မရှိသလို အောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်လည်း မရှိပါဘူး။ အပြောင်းအရွှေ့စျေးကွက်ကိုလည်း မဖောက်နိုင်ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိနွေရာသီမှာတော့ ဟာကီမီရော၊ အမ်ဘာပေရောက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။