အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီကတော့ ကလပ်နဲ့နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၈၀၀ မြောက်သွင်းဂိုးကို ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ပနားမားနဲ့ ခြေစမ်းပွဲမှာ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ပွဲပြီးခါနီးလေးမှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကတဆင့် သွင်းယူခဲ့တာဖြစ်ပြီး သူ့အတွက်တော့ သွင်းဂိုး ၈၀၀ ပြည့်ဂိုးက အမှတ်ရစရာတွေ ရှိသွားခဲ့ပါပြီ။
ကမ္ဘာ့ဖလားချန်ပီယံဟာ ပနားမားကို အနိုင်ရဖို့ နည်းနည်းတော့ အားစိုက်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးလုံး၀မသွင်းယူနိုင်ခဲ့ဘဲ ပွဲချိန် ၇၈ မိနစ်မှာမှ သီယာဂိုအယ်လ်မာဒါက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး မက်ဆီက ၈၉ မိနစ်မှာ နောက်တဂိုးသွင်းယူခဲ့လို့ ၂-၀ နဲ့ ပနားမားကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဂုဏ် မပျက်ယွင်းခဲ့တာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရအသင်းသားတွေဖြစ်တဲ့ မာတီနက်ဇ်၊ ရိုမဲယို၊ အော်တာမန်ဒီ၊ အယ်လစ္စတာ၊ အန်ဇိုဖာနန်ဒက်ဇ်၊ ဒီပေါလ်၊ အယ်လ်ဗာရက်ဇ်၊ ဒီမာရီယာနဲ့ မက်ဆီတို့ကို စကာလိုနီက အသုံးပြုခဲ့ပြီး ကစားခဲ့တာပါ။ ဒါကြောင့်လည်း ပနားမားကို လုံး၀ဖိအားပေးနိုင်ခဲ့ပြီး တဒိုင်းဒိုင်းနဲ့ ကန်နေခဲ့ပေမယ့် ဂိုးရဖို့က အနည်းငယ်ခက်ခဲနေခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအတွက် ၉၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ကလပ်သွင်းဂိုးကတော့ ၇၁၂ ဂိုးအထိ ရှိနေခဲ့တာပါ။ ထူးခြားမှုတခုကတော့ ပေါ်တူဂီအတွက် ရော်နယ်ဒိုက အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့သလိုပဲ အာဂျင်တီးနားကြယ်ပွင့်ကလည်း အားကျမခံဘဲ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းပြခဲ့ကာ သူလည်း စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသခဲ့တာပါပဲ။
ရည်ရွယ်တာမျိုးမဟုတ်ပေမယ့် သူတို့နှစ်ယောက်ကတော့ တယောက်နဲ့ တယောက် အကျောမခံသလိုကို ဖြစ်နေခဲ့ကြပါတယ်။